Chapter 117
ကျိုးရွှမ်လန်က ဝတ်ရုံတစ်ထည်ကို သိုလှောင်အိတ်မှ ထုတ်ယူလာကာ ရှန်းလျိုရှန့်ကို ဝတ်ဆင်ပေးလာသည်။ ရှုပ်ထွေးနေသော ဆံပင်များကို စု၍ အနီရောင် ဆံပင်စည်းကြိုး ရှည်ရှည်တစ်ချောင်းဖြင့် စည်းနှောင်ပေးလိုက်သည်။ ထို့နောက် ရှန်းလျိုရှန့်အား ရင်ခွင်အတွင်း၌ ပွေ့ဖက်၍ မျက်တောင်တစ်ခတ်အတွင်း ကြည်လင်သော မြစ်ကမ်းဘေးသို့ရောက်လာလေသည်။
ရှန်းလျိုရှန့်တစ်ယောက် အသိဝင်လာသောအခါ သူ၏မျက်နှာပေါ်မှ ဖုန်များက ရေစုပ်ထားသော ပိုးပုဝါဖြင့် သန့်ရှင်းပေးနေပြီဖြစ်သည်။
နွယ်ပင်များနှင့် နေလည်ကတည်းက တိုက်ခိုက်နေခဲ့ရသောကြောင့် သူအမှန်တကယ်ပင် ပင်ပန်းနေသည်။ ဤအခြေအနေကိုတွေ့သောအခါ ရှန်းလျိုရှန့်တစ်ယောက် ဟန်ဆောင်နေခြင်းကို ရပ်တန့်ကာ ကျိုးရွှမ်လန်ကို မှီရန် ရှေ့သို့ ကိုင်းလာသည်။ သူက ကျိုးရွှမ်လန်၏ဝတ်ရုံကို လက်မြှောက်၍ ဆုပ်ကိုင်ကာ ပုခုံးကျယ်ကျယ်ထက်တွင် နဖူးတင်လျက် အနားယူလိုက်သည်။
ရှန်းလျိုရှန့်မျက်လုံးများ မှေးစင်းနေ၍ ဤသည်ကို အလွန် နှစ်ခြိုက်နေပုံရသည်။
ယခုအချိန်မှ စ၍ ပျော်ရွှင်သော ငါးဆားနယ်တစ်ကောင်ဘဝသို့ ကောက်ကာငင်ကာရောက်လာပုံရသည်။
အတွေးတစ်ခု စိတ်ထဲသို့ ရောက်လာသည်နှင့်အမျှ နောက်ကျော့မှ အေးစိမ့်သွားသည်။ ရှန်းလျိုရှန့်က ရုတ်ချည်းခေါင်းမော့၍ တိယွင်ယွီတစ်ယောက် အမှောင်ထဲမှ စောင့်ကြည့်နေလောက်သည်ကို တွေးမိသဖြင့် အလွန်ထိတ်လန့်သွားကာ တစ်ကိုယ်လုံး တုန်ယင်လာလေသည်။
ကျိုးရွှမ်လန် : "ရှစ်စွမ်း...ဘာဖြစ်လို့လဲ..."
ရှန်းလျိုရှန့်က ခြောက်ကပ်ကပ်ဖြင့် ချောင်းဆိုးလိုက်သည်။
"အဆင်ပြေပါတယ်..."ရှန်းလျိုရှန့် အမြန်ပင် မတ်မတ်ရပ်၍ ဝတ်ရုံကို ဝတ်ဆင်လိုက်သည်။ ကျိုးရွှမ်လန်၏ အဝတ်အစားမှာ သူဝတ်လေ့ရှိသည်များထက် အနည်းငယ်ကြီးသည်။ ဝတ်ရုံအောက်အနားစများက မြေပြင်ပေါ်သို့တိုက်နေသည်။ ရှန်းလျိုရှန့်က ခါးစည်းကြိုးတင်းတင်းချည်၍ ညာဘယ်ကြည့်ကာ ကျိုးရွှမ်လန်၏ဝတ်ရုံလက်ကို ဆွဲလျက် အလျင်အမြန်ပြေးသွားသည်။