Chapter 121
နေ့ခင်းသို့ရောက်သည့်အခါ ရှန်းလျိုရှန့် စားသောက်ဆိုင်တစ်ဆိုင်ကို ရှာတွေ့သွားသည်။
စားသောက်ဆိုင်က အလွန် စီးပွားရေးကောင်းမွန်လှပြီး လူများစွာဖြင့် ပြည့်နေပေသည်။ ရှန်းလျိုရှန့်က ထိုလူများအကြား တိုးဝှေ့ဝင်လာပြီးသည့်နောက် စားပွဲအလွတ်တစ်လုံးကိုတွေ့လိုက်သည်။ သူ စားစရာများမှာပြီးနောက် ဝိုင်တစ်ခွက်ငှဲ့ကာ တဖြည်းဖြည်းချင်း အရသာခံသောက်နေသည်။
အဆောက်အဦးထဲတွင် ဆူညံနေပြီး စကားသံအများစုမှာ ယောင်မုန့်ယွဲ့၏ လက်ထပ်ပွဲအကြောင်းနှင့် ယမန်နေ့ညက ရှန်းမန်းဂိုဏ်းချုပ်ပြုလုပ်ခဲ့သည့် ပြဿနာအကြောင်းဖြစ်သည်။
ဟမ်ကျု့ယင်က နတ်ဆိုးလောကတွင် နာမည်ဂုဏ်သတင်း အတော်အသင့်ရှိသူတစ်ယောက်ဖြစ်သည်။ ယောင်မုန့်ယွဲ့၏ လက်ထပ်ပွဲက နတ်ဆိုးလောကတစ်ခုလုံးအတွက် ပျော်စရာအဖြစ်အပျက်တစ်ခုဆိုလျှင်လည်း ချဲ့ကားသည်ဟု မပြောနိုင်ပေ။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်းတွင် အရေးပါသောလူအချို့ ရောက်ရှိလာပြီး အများစုအာရုံစိုက်နေကြသော နတ်ဆိုးဘုရင်များလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
ဆဌမနတ်ဆိုးဘုရင် ကျူးယန်နှင့် သေဆုံးသွားပြီဟုဆိုသော ဝမ်ရမ်ချင်မှလွဲ၍ အားလုံး ရောက်ရှိနေကြသည်။
ထိုအချိန်တွင် တစ်ယောက်က ထပြောလာသည်။
" ဆဌမနတ်ဆိုးဘုရင်လည်း ဒီကိုရောက်နေတယ်... ငါ မနေ့ကလူတစ်ယောက်ကိုတွေ့ခဲ့တယ် သူ့ဆီကနေ စွမ်းအားကြီးတဲ့ ကျူးယန်တစ်ကောင်ရဲ့အော်ရာမျိုးရတယ်..."" အတုပဲနေမှာပေါ့... ဆဌမနတ်ဆိုးဘုရင်က ဂူပိတ်ကျင့်ကြံနေတာ နှစ်ပေါင်းများစွာကြာပြီ သူ ပြန်ထွက်လာပြီဆိုတဲ့ သတင်းမျိုး မကြားပါဘူး..."
အခြားတစ်ယောက်က သူပြောသည်ကို ခွန်းတုံ့ပြန်လိုက်သည်။
" နဝမနတ်ဆိုးဘုရင်ကတော့ ဒီကိုရောက်နေတယ် သူ့ကို မနက်က မြင်လိုက်ကြတဲ့လူတွေရှိတယ်... အရှင်အောင်းယွဲ့လည်း ရောက်လာမယ်ထင်နေတာ ဒါပေမဲ့ သူ မလာဘူးပဲ..."