Chapter 122
သူ ရောက်သွားချိန်တွင် နတ်ဆိုးဘုရင်များစုဝေး၍ လျှို့ဝှက်နယ်ပယ်ကြီးတစ်ခုကိုဖွင့်ရန် ပြုလုပ်နေသည်အား မြင်လိုက်ရသည်။
နတ်ဆိုးဘုရင်များအားလုံးကို တစ်နေရာတည်းတွင် အတူတကွတွေ့ရှိရခြင်းက ခမ်းနားသော စုစည်းမှုတစ်ရပ်ဖြစ်သည်။ ခဏအကြာတွင် ထိုနေရာ၏ဘေးမှ အဆောက်အဦးသာမက အနီးနားရှိလမ်းမပေါ်မှ အထပ်မြင့်အဆောက်အဦးများတွင်လည်း ကြည့်ရှု့သူများဖြင့် ပြည့်နှက်ကုန်သည်။
အဝေးမှကြည့်ပါက ကျယ်ပြန့်သောနေရာလွတ်တစ်ခုတွင် လူအချို့ရပ်နေပြီး သူတို့ကို များပြားလှသောလူအုပ်ကြီးက ဝန်းရံထားသည်ကို တွေ့နိုင်ပေသည်။
ရှန်းလျိုရှန့်က လက်ထဲတွင် သကြားလုံးချောင်းနှစ်ချောင်းကိုင်ထားလျက် အပြင်ဘက်ဆုံးကျသောအထပ်တွင်ရပ်နေပြီး လူကြားထဲ တိုးမဝင်နိုင်အောင် ဖြစ်နေသည်။ သူ့နားထဲတွင် "နဝမနတ်ဆိုးဘုရင်" ၊ " "တတိယနတ်ဆိုးဘုရင်"၊ "စတုတ္ထနတ်ဆိုးဘုရင်" ဟူသော အော်ဟစ်သံများဖြင့် ပြည့်နှက်နေသည်။
ထိုအသံများထဲတွင် ကျိုးရွှမ်လန်နှင့် ဟွားကျန်း၏နာမည်ကိုအော်ခေါ်သံများက အများဆုံးဖြစ်သည်။ သူတို့၏ရုပ်ရည်သွင်ပြင်က ချောမောပြီး ခွန်အားကလည်း နတ်ဆိုးလောက၏ထိပ်တန်းများထဲ အပါအဝင်ဖြစ်နေသောကြောင့်ပင်။ ထိုမျှသာမက သူတို့နှစ်ယောက်လုံးက ငယ်ငယ်ရွယ်ရွယ်နှင့် နတ်ဆိုးဘုရင်ဟူသောနေရာကို ရနိုင်ခဲ့ပေသည်။ သို့ဖြစ်၍ အခြားသောနတ်ဆိုးဘုရင်များနှင့်ယှဉ်ပါက သူတို့က နတ်ဆိုးများအကြား သိသိသာသာနာမည်ကြီးနေသည်။
သို့ရာတွင် ဟွားကျန်းနှင့်ယှဉ်ပါက ကျိုးရွှမ်လန်၏နာမည်ကို အော်ခေါ်နေသည်က ပိုများသည်။
နဝမနတ်ဆိုးဘုရင်၏ ကိုယ်ကျင့်တရားကောင်းမှုနှင့် စွမ်းအားကြီးမှုဂုဏ်သတင်းက နတ်ဆိုးလောကမှ စွန့်ပစ်မြေရှစ်ပါးအထိ ပျံ့နှံ့နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ နတ်ဆိုးလောကတွင်မူ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းက မူမမှန်ခြင်း ဖြစ်နေသော်လည်း ကျိုးရွှမ်လန်၏ အစစအရာရာသာလွန်နေသည့်အနေအထားများနှင့် ပေါင်းစပ်လိုက်သည့်အခါ အခြားနတ်ဆိုးဘုရင်များနှင့် ယှဉ်နိုင်သွားပြီး ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာစေသည်။
![](https://img.wattpad.com/cover/352029929-288-k268155.jpg)