✝✝
၂၀၁၂ ခုနှစ် ဩဂုတ်လ ၄ ရက်
စနေနေ့။ည ၁၀ နာရီ ၃၄ မိနစ်
ဝေါ~ဝေါ~
တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်အခါကို အငြှိုးတကြီးဖျက်ဆီးပစ်လိုက်တဲ့ မိုးနတ်မင်း။
လောကတစ်ခွင်ဟာ ခဏအတွင်းမှာပဲ အေးစက်တဲ့မိုးရေတွေအောက်မှာ ခိုက်ခိုက်တုန်နေခဲ့တယ်။ပြီးတော့ သူဟာလဲ အဲဒီ့မိုးရေတွေကြားမှာ အရူးလိုပဲပြေးလွှားနေခဲ့မိတယ်။ အကြောင်းပြချက်တို့ သေချာစွာမရှိပါပဲ အမောတကောပြေးလွှားနေရင်းက ရင်ထဲမှာ တင်းကြပ်ဆို့နင့်လာကာ ရပ်လိုက်မိတော့ အမှောင်ထုထဲမှာ သူတစ်ယောက်တည်း။
နက်ရှိုင်းလွန်းတဲ့အမှောင်ထုဟာ တဖြည်းဖြည်းနဲ့ သူ့အားဝါးမြိုတော့မလို သိပ်သည်းလာကာ အသက်ရှူလို့မဝတော့ပါ။
ဘယ်နေရာလဲ? ဘယ်ရောက်နေတာလဲ?
မေးစရာလူမရှိ။ ခိုနားစရာ ရင်ခွင်မရှိ။
ကြောက်ရွံ့မှုက တစ်စတစ်စနက်နဲလာတဲ့အခါ ခိုကိုးရာမဲ့သူလိုမျိုး သူဟာ ဆက်ပြီးပြေးလွှားနေခဲ့လိုက်တယ်။ဒီအမှောင်ထုထဲမှာ ပိတ်မိနေခဲ့တာ ဘယ်လောက်တောင်မှ ကြာရှည်ခဲ့ပြီလဲဆိုတာ သူကိုယ်တိုင်လဲ မမှတ်မိတော့ပါ။
....
" ပတိ ပတိရေ "
" ဟင်...အင်း "
တဆတ်ဆတ်တုန်ယင်နေတဲ့ အသံသေးသေးလေးကြောင့် မျက်လုံးတို့မဖွင့်ခင် နှုတ်က ကရောသောပါးထူးလိုက်တဲ့အခါ အင့်ခနဲခံစားလိုက်ရတဲ့ ရင်ဘတ်တစ်နေရာ။ ရုတ်တရက်မို့ အသိစိတ်ဟာ ဖျက်ခနဲနိုးလာပြီးနောက် မျက်လုံးတို့ကိုဖွင့်ကြည့်လိုက်တော့ သူ့ရင်ခွင်ထဲကို ခွေးကလေးလို တအီအီနဲ့ အတင်းတိုးဝင်နေတဲ့ ကလေးငယ်လေး။
" ဟင် ကလေးလေး ဘာလို့..."
မျက်ခုံးထူတွေတွန့်ကုပ်လို့ နားမလည်စွာပဲမေးလိုက်ပေမဲ့ ရင်ခွင်ထဲကနေပြန်မော့ကြည့်လာတဲ့ ပါးလျလျမျက်နှာသေးသေးလေးကို မြင်လိုက်ရတဲ့အခါမှာ သူ့နှုတ်ခမ်းတွေကို တစ်စုံတစ်ရာက ဆွဲချုပ်သွားတယ်။
အဲဒီ့တစ်စုံတစ်ရာဟာ လှပကြည်လဲ့နေတဲ့ မျက်ဝန်းတောက်တောက်လေးတွေကနေ လျှံကျနေတဲ့ မျက်ရည်ဥကလေးတွေပါပဲ။
YOU ARE READING
Bridegroom of ✝ DEMON ✝
Romanceလူတစ်ယောက်က သေဆုံးသွားပြီးရင် သူချစ်တဲ့သူကိုပဲမှတ်မိနေပြီး သူ့ကိုချစ်တဲ့သူကိုတော့ မေ့သွားတတ်ကြတယ်တဲ့ ။