✝
၂၀၁၀ ခုနှစ် ဇွန် ၅ ရက်
စနေနေ့ ။
ည ၆ နာရီခွဲကမ္ဘာပျက်မိုးအလား အငြှိုးတကြီးသဲမဲစွာရွာနေတဲ့ မှောင်မည်းမည်းကောင်းကင်အောက်မှာ ခိုက်ခိုက်တုန်တဲ့အထိချမ်းအေးတုန်ရီနေတဲ့ကလေးတစ်ယောက်ရဲ့လက်ကိုဆွဲကာ ခြေလှမ်းကျဲတွေနဲ့ လျှောက်လာတဲ့ အမျိုးသမီးတစ်ဦး။ မိုးရေတို့စိုရွှဲနေတဲ့မျက်နှာထက်မှာ အေးစက်မှုတို့အတိဖုံးလွှမ်းထားပေမဲ့ မျက်ဝန်းတွေကတော့ ပြုံးနေသယောင်။
ခဏအကြာမှာတော့ မီးရောင်အပြည့်လင်းလက်နေတဲ့ ခြံဝင်းထဲကို တစ်လှမ်းချင်းဝင်ရောက်သွားတဲ့ ပုံရိပ်ဟာ အနည်းငယ်ခပ်ဟဟဖွင့်ထားတဲ့အခန်းအရှေ့အရောက်မှာတော့ သူ့ရဲ့ခြေလှမ်းတွေကို ရပ်တန့်ပစ်ကာ ခေါင်းကိုစောင်းလို့ ခပ်စူးစူးအကြည့်တွေကိုအောက်ပို့ပြီးနောက်မှာ
" မှာထားတာတွေကို မှတ်မိတယ်မလား "
" ဟုတ်...ဟုတ်ကဲ့ မှတ်မိပါတယ်ဗျ "
အေးစက်တင်းမာနေတဲ့အသံနောက်က ကြောက်ရွံ့သံတိုးလျလျလေး။ သိပ်ကို အားအင်နည်းမှန်း သိသာလွန်းတဲ့ ရှိုက်သံလေးတစ်ဝက်လဲ အပါအဝင်။
" ဟုတ်ပြီ ဒါဆိုရင် တိကျပါစေ ။ စကားတစ်လုံးပဲဖြစ်ဖြစ် မှားခဲ့ရင်တော့..."
ပြတ်တောက်သွားတဲ့စကားဆိုပေမဲ့ သေးငယ်တဲ့ကိုယ်လုံးလေးတစ်ခုလုံးကို ဝါးမြိုပစ်မတတ် ခက်ထန်နေတဲ့မျက်လုံးအကြည့်တွေအောက်မှာ ဆတ်ခနဲတုန်ခါသွားတဲ့ကလေးငယ်။ ဘာလို့များ ဒီညမှ အရာအားလုံးက ငရဲခန်းနဲ့တူနေပါလိမ့်။
ဒေါက်! ဒေါက်!
" သခင်လေး ..."
" ဝင်ခဲ့ "
တင်းပြတ်မာကျောနေတဲ့ အမိန့်နဲ့ဆင်တူတဲ့အသံ။
သိပ်မကြာခင်မှာပဲ တကျီကျီပွင့်ဟသွားတဲ့ ကျွန်းတံခါးကြီးနောက်မှာ ပေါ်လာတာက သွေးရောင်တလဲ့လဲ့ကြားမှာ ကုတင်တိုင်ကိုမှီလို့ ခြေတစ်ဖက်ဆင်း ၊ ဒူးတစ်ဖက်ထောင်ရင်း မျက်နှာတစ်ခုလုံး ပျော့စင်းစင်းအနက်ရောင်ဆံပင်ရှည်တွေဖုံးကွယ်နေတဲ့အထိ ခေါင်းငိုက်စိုက်ချထားတဲ့ ဖြူလွှလွှလူငယ်တစ်ယောက်။ တင်းတင်းဆုပ်ထားတဲ့သူ့ရဲ့လက်တစ်ဖက်မှာတော့ သွေးစွန်းနေတဲ့ဓားပါးလေးတစ်ချောင်းကရှိနေပြီး အခြားလက်တစ်ဖက်မှာ သွေးများစိမ့်ထွက်နေကာ ပတ်ဝန်းကျင်ကြမ်းပြင်ပေါ် မြင်မကောင်းအောင်စီးဆင်းလို့နေပါတယ်။
BẠN ĐANG ĐỌC
Bridegroom of ✝ DEMON ✝
Lãng mạnလူတစ်ယောက်က သေဆုံးသွားပြီးရင် သူချစ်တဲ့သူကိုပဲမှတ်မိနေပြီး သူ့ကိုချစ်တဲ့သူကိုတော့ မေ့သွားတတ်ကြတယ်တဲ့ ။