✝
" ကိုကို! ကိုကို ဘာလို့ငိုနေတာလဲဟင် "
" ဟေ့ ကောင်လေး! မင်းပြောနေလဲ သူကကြားမှာမဟုတ်တော့ဘူး "
အေးစိမ့်သွားတဲ့လေတစ်ချက်အဝေ့မှာ နားထဲခပ်ဩဩတိုးဝင်လာတဲ့ လူကြီးတစ်ယောက်အသံ။ ရင်းနှီးတယ်လို့ထင်ရပေမဲ့ အငယ်ရဲ့ ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများထသွားကာ နောက်လှည့်ကြည့်တော့ နံရံခြေမှာ လက်ပိုက်ပြီးကျောမှီကာရပ်နေတဲ့ လူတစ်ယောက်။ သူ့ရဲ့လည်ပင်းမှာတော့ ကြီးမားတဲ့ပြတ်ရှရာတစ်ခုနဲ့အတူ အဆက်မပြတ်စီးကျနေတဲ့ ညိုပုပ်ပုပ်သွေးများက အော်ဂလီဆန်စရာ။
" ခင်..ခင်များက... "
" သေပြီးသား လူ "
" ဟမ် "
" နားလည်အောင်ပြောရရင် သရဲပေါ့ကွာ ဟား ဟား ဟား "
ဝမ်းခေါင်းအတွင်းထဲက ဖျစ်ညှစ်ထွက်လာတဲ့ ရယ်သံကြီးနဲ့ အက်ကြောင်းတွေပေါ်လာတဲ့ နှုတ်ခမ်းအစွန်းနှစ်ဖက်ကိုမြင်လိုက်ရတဲ့အခိုက်မှာ အငယ် ခြေလှမ်းတွေကို နောက်ဆုတ်လိုက်မိတယ်။ အဲဒီ့နောက် ငိုမဲ့မဲ့မျက်နှာနဲ့အတူ ဘေးနားက ကိုကို့ရဲ့လက်ကိုလှမ်းဆွဲလိုက်မိပေမဲ့ အရင်လိုဖမ်းဆုပ်မရဘဲ လေဟာနယ်ကိုပဲထိတွေ့လိုက်ရတဲ့အခါ ဝမ်းနည်းစိတ်ဟာ နှလုံးသားမှာလှိုက်ခနဲ။
ဘာလို့...ဘာလို့လဲ?
" ကိုကိုပြန်တော့မယ် သဲငယ် "
" ဟင့်အင် မပြန်ပါနဲ့....အငယ် ဒီမှာလေ ကိုကို ။ အငယ် ကိုကို့ဘေးမှာလို့...."
အငယ်ဟာ တုန်ယင်နေတဲ့အသံတွေနဲ့ လည်ချောင်းကွဲလုမတတ်အော်ဟစ်ရင်း သူ့ရှေ့က လှည့်ထွက်တော့မဲ့ ကိုကို့ရဲ့လက်တွေကို အကြိမ်ကြိမ်ဆုပ်ကိုင်ဖို့ကြိုးစားပေမဲ့ အရာအားလုံးက အချည်းအနှီးပဲ။ ကိုကိုက အငယ့်ရဲ့အသံအက်အက်တွေကို မကြားဘူး။ အငယ့်ရဲ့အကူအညီတောင်းမှုတွေကိုလဲ မမြင်ဘူး။ သိပ်ကို ရင်နာရပါတယ်။
" ကိုကိုရေ...အငယ့်ကိုချစ်တယ်ဆို... ချစ်ရင် အငယ့်ကိုတစ်ယောက်တည်းမထားခဲ့နဲ့လေ။ အငယ်ကြောက်တယ်။ နံရံနားကလူကြီးကို အငယ်ကြောက်တယ်လို့ ကိုကိုရဲ့ "
CZYTASZ
Bridegroom of ✝ DEMON ✝
Romansလူတစ်ယောက်က သေဆုံးသွားပြီးရင် သူချစ်တဲ့သူကိုပဲမှတ်မိနေပြီး သူ့ကိုချစ်တဲ့သူကိုတော့ မေ့သွားတတ်ကြတယ်တဲ့ ။