🍀Part-1(Unicode)🍀
557 12 0
(Part 1)
ရန်ကုန်မြို့၏ နာမည်ကြီးဆေးရုံဖြစ်သော City Family ဆေးရုံကြီး။ ထိုဆေးရုံ၏ ဒုတိယထပ်က လျှောက်လမ်းတစ်ခုတွင် ရပ်နေရင်း မှန်ပြတင်းမှ တစ်ဆင့် ဆေးရုံဝင်းအတွင်း လှုပ်ရှားသွားလာနေသော လူများအား ငေးကြည့်နေသော အမျိုးသားတစ်ယောက်။
ညနေခင်း၏ နေရောင်ခြည်က ထိုအမျိုးသားပေါ် ဖြာကျလာသည့်အခါ ထိုအမျိုးသား၏ ဖြူဖွေးသော အသားရောင်က ဝင်းနေသလိုဖြစ်နေသည်။ ၆ပေရှိသော အရပ်နှင့် duty coat ဖြူလွှလွှကို ဝတ်ဆင်ထားသည်ကြောင့် ထိုအမျိုးသား၏ နောက်ကျောပြင်ကပင် စွဲဆောင်မှုအားပြင်းလှသည်။
ပတ်ဝန်းကျင်ကို ငေးနေသော မျက်ဝန်းကြည်ကြည်တို့အား လေးထောင့်ကိုင်းမျက်မှန်လေးက ကာရံထားသည်မှာ ထိုအမျိုးသား၏ ညို့ချက်ပြင်းသော မျက်ဝန်းအကြည့်တို့အား ဖုံးကွယ်ထားသည် ဖြစ်တန်ရာ၏။ ဆံပင်တို့အား နဖူးပေါ်အပြောင်လှန်တင်ထားသည်ကြောင့် မျက်နှာလေးက ရှင်းလင်းနေကာ ထိုအမျိုးသားအား တည်ကြည်ခန့်ညားခြင်းတို့ လွှမ်းခြုံနေစေသည်။ မျက်နှာ အစိတ်အပိုင်းတို့က သူ့နေရာသူ အစီအစဉ်တကျတည်ရှိနေသောအခါ ထိုအမျိုးသား၏ ချောမောမှုက စကားဖြင့်ပင် ဖွဲ့နွဲ့ပြောလို့မရတော့ပေ။
"ဒေါက်တာစိုင်း..."
ခေါ်သံကြောင့် ထိုအမျိုးသားက အနောက်သို့လှည့်ကြည့်လာသည်။ မြင်လိုက်ရသော ကြည်ကြည်ရွှင်ရွှင် မျက်နှာလေးကြောင့် ခေါ်ဆိုသူ နာစ်မလေးမှာ ငေးခနဲ ဖြစ်သွားရသည်။ ထိုအမျိုးသားက duty coat လေးများ တလွင့်လွင့် ဖြစ်နေအောင် သူ့အနားသို့ လျှောက်လာသည်အထိ နာစ်မလေးမှာ ငေးကြောင်ကြည့်နေဆဲ။
"ကျွန်တော့်ကို ခေါ်တာ ဘာလို့လဲ မရွှန်း "
ထိုအခါမှ မရွှန်းဆိုသော နာစ်မလေးက သူ့လက်ထဲမှ ဖိုင်တွဲအား ဒေါက်တာစိုင်းဆိုသူဆီ ကမ်းပေးလိုက်သည်။
"ဒေါက်တာ မနက်ဖြန် ခွဲရမဲ့ လူနာပါ...ဒေါက်တာ သိပြီးသားဆိုပေမဲ့ ခွဲရမဲ့ case က အရမ်းအန္တရာယ်များလို့ လူနာရဲ့ ရောဂါနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပိုပြီးသေချာ ဖတ်ထားလို့ရအောင်ဆိုပြီး ပါမောက္ခ မိုးထက်က ပေးခိုင်းလိုက်တာပါ"