🍀Part-12(Unicode)🍀
83 8 1
(Part 12)
သျှိုင်း မျက်နှာထက်တွင်သာ ပြုံးရယ်နေသော်လည်း ရင်ထဲ ဓားနဲ့ အချက်ပေါင်းများစွာ အမွှန်းခံနေရသလို တဆစ်ဆစ်နဲ့ နာကျင်နေရသည်။ ထိုနာကျင်မှုကို သည်းခံရန် အောက်နှုတ်ခမ်းကို ဖိကိုက်ထားသည်မှာလည်း ပါးစပ်ထဲ သွေးအရသာများပင် ရလာသည်အထိ။ သို့ပေမဲ့ နှုတ်ခမ်းပေါက်သွားသည့် နာကျင်မှုထက် ရင်ထဲက ခံစားနေရသည့် နာကျင်မှုက ပိုနေသည်ကြောင့် ကိုက်ထားမိသည့် နှုတ်ခမ်းတို့အား မလွှတ်မိသေးပေ။ တကူးတကကြည့်တာ မဟုတ်ပါပဲ မျက်လုံးထောင့်စွန်းလေးကနေ တွေ့ရသော အစ်ကိုနဲ့ မမနှောင်းတို့၏ ပုံရိပ်။ တစ်ယောက်နဲ့ တစ်ယောက် စကားပြောရင်း ရယ်နေသော ပုံစံမှာ အခြားသူများ အမြင်တွင် ချစ်သူစုံတွဲ ကြည်နူးနေသကဲ့သို့ ဖြစ်နေပေမဲ့ သျှိုင်းအတွက်တော့ သူအားသေစေနိုင်လောက်သည့် အဆိပ်တစ်ခွက်ပင်။
ဘာတွေ ပြောနေကြသလဲ မသိပေမဲ့ နှစ်ယောက်လုံး၏ မျက်နှာထက်တွင်တော့ ကျေနပ်ခြင်းရိပ်တို့ စွန်းထင်းနေပြီး အပြုံးတို့က တောက်ပနေကြသည်။ မကြည့်ဖြစ်အောင် ထိန်းပေမဲ့လည်း မျက်စောင်းထိုးတွင် ရှိနေသည်ကြောင့် တစ်ချက်တစ်ချက် အကြည့်တို့က ရောက်ရောက်သွားတတ်သည်။ သျှိုင်း အစ်ကိုတို့အား ကြည့်နေရာမှ ခေါင်းကို ငုံ့ချလိုက်တော့သည်။ ထိုနှစ်ယောက်၏ ပုံရိပ်အား သူဆက်ပြီး ကြည့်နိုင်စွမ်းမရှိတော့ပေ။ ဘေးက ဝေယံနဲ့  အရှေ့က ကိုခန့်တို့ကတော့ ရန်ဖြစ်နေလို့ ကောင်းဆဲပင်။ ကိုထက်ကတော့ နားတွင် နားကြပ်တပ်လျက် မျက်ဝန်းများကို မှိတ်လို့ထားသည်။
သျှိုင်း ကိုထက်အား မော့ကြည့်လိုက်သည်။ မျက်ဝန်းများကို ပိတ်ပြီး အသာမှိန်းနေသည့် ကိုထက်က တည်တည်ငြိမ်ငြိမ်လေးနဲ့ ကြည့်လို့ကောင်းနေသည်။ ကိုထက်၏ မျက်နှာ အစိတ်အပိုင်းတို့က သူ့နေရာနဲ့သူ အစီအစဉ်တကျရှိနေကာ မျက်နှာပိုင်ရှင်ကို ချောမောစေရန် အပြိုင်အဆိုင် တာဝန်ထမ်းဆောင်နေကြသည်။ နဖူးပြင်ကျယ်ကျယ် မျက်ခုံးမွှေးထူထူနှင့် မျက်ဝန်းများမှိတ်ထားသည်ကြောင့် eyes liner ဆွဲထားသလိုမျိုး မည်းနက်နေသည့် မျက်တောင်ရှည်လေးများ၊ ဖြောင့်စင်းနေသော နှာတံ၊ ထင်ရှားသော မေးရိုး၊ မထူမပါး နှုတ်ခမ်းသားလေးများ ဘယ်နေရာကနေပဲ ကြည့်ကြည့် အပြစ်ဆိုစရာ မရှိလောက်အောင်ကိုပင် ချောမောမှုတို့က ဖိတ်လျှံကျနေသည်။