(Part 9)
ယသော် အိမ်ရှိရာလမ်းထဲဆီ ကားကို ချိုးကွေ့ဝင်လိုက်တော့ ဗာဒံပင်အောက်က တွေ့နေကျ ပုံရိပ်လေးကို မတွေ့ရသည်ကြောင့် စိတ်တို့ထိုင်းမှိုင်းသွားရသည်။ အရင်ရက်တွေက ထိုပုံရိပ်လေးကြောင့်ပင်ပန်းမှုများ ပြေပျောက်ခဲ့သော်လည်း ယနေ့တွင်တော့ ပင်ပန်းမှုကနှစ်ဆတိုးလို့သွားရသည်။ တစ်ဆက်တည်းမှာပဲ ဘာများဖြစ်လို့လဲဟူသော စိုးရိမ်ပူပန်စိတ်က အလုံးနဲ့အရင်း ဝင်ရောက်လာသည်။ ကားကိုဖြည်းညှင်းစွာမောင်းလာရင်း ဗာဒံပင်အောက်က လူမရှိသည့် အုတ်ခုံလေးဆီ ငေးကြည့်မိသည်။ ထိုသို့ကြည့်မိကာမှ နင့်နဲသော ခံစားချက်များနှင့်အတူ သတိရခြင်းတို့က အလုံးနဲ့အရင်း ဝင်ရောက်လို့လာပြန်သည်။ ယသော် ခြံရှေ့ရောက်တော့ နွမ်းနယ်သည့်စိတ်ဖြင့်ပင် ကားကိုဟွန်းတီးလိုက်သည်။ ခြံတံခါး ဖွင့်လာမည့် အချိန်ကိုစောင့်ရင်း အုတ်ခုံလေးဆီကိုသာ ငေးကြည့်နေမိသည်။ လွမ်းသည့် စိတ်များက ရင်အတွင်း ပြည့်လျှံလာကာ နှုတ်ခမ်းထက်မှ စကားလုံးများအဖြစ် အပြင်သို့ ထွက်အံကျလာသည်။
"လွမ်းတယ် အငယ်ရယ်..."
ယသော် အုတ်ခုံလေးကို ကြည့်နေစဉ်မှာပင် ခြံတံခါးကပွင့်လာကာ ညီငယ်၏ ခေါင်းက အပြင်သို့ပြူထွက်လာပြီး သူ့အား သွားအဖြဲသားဖြင့် ရယ်ပြလာသည်။ ဆေးကျောင်းသားတစ်ယောက်၏ အူကြောင်ကြောင်နိုင်သော အပြုံးက သူ့ကို တစ်စိတ်တစ်ပိုင်းတော့ စိတ်သက်သာရာ ရစေသည်။ ယသော်လည်း ကားကို ခြံထဲမောင်းဝင်လိုက်ပြီး ဆင်ဝင်အောက်တွင် ကားရပ်ကာ ကားပေါ်မှ ဆင်းပြီး ခြံတံခါးပြန်ပိတ်နေသော ညီငယ်ကို စောင့်နေလိုက်သည်။ အလွမ်းတွေ တနင့်တပိုးကြောင့် ယသော် မျက်နှာ အရင်ရက်များနဲ့မတူ နွမ်းနယ်လို့နေသည်။ ခြံတံခါးပိတ်ပြီးသော ခွန်းငယ်က သူ့အစ်ကိုအနား လျှောက်လာရင်း ယသော် မျက်နှာထက်က နွမ်းနယ်ခြင်း အရိပ်အယောင်များကို ခံစားမိသွားကာ သူ့အစ်ကိုအား စကားစလေသည်။
"ဒီနေ့ အရမ်းပင်ပန်းလို့လား ကိုကြီး"
"ဒီလိုပါပဲကွာ"
ထိုတစ်ခွန်းသာပြောပြီး အိမ်ထဲသို့ လှမ်းဝင်သွားသော အစ်ကိုဖြစ်သူအား ခွန်းငယ် ရပ်ကြည့်နေခဲ့သည်။ အရင်နေ့များလို ရွှင်ရွှင်လန်းလန်း မရှိပဲ မျက်နှာက တော်တော်လေးကို နွမ်းနေသည်။ အရင်ရက်တွေကဆိုလျှင် ဆေးရုံကပြန်လာတိုင်း သူ့အား စနောက်ပြီးမှ အိမ်ထဲဝင်တတ်သော အစ်ကိုဖြစ်သူက အခုတော့ စကားတစ်ခွန်းသာ ပြောပြီး အရင်ဆုံး အိမ်ထဲဝင်သွားသည်။
YOU ARE READING
RomanceStart Date - 1.10.2024 End Date - ??? သဘောကျရတဲ့ ယူနီဖောင်းအဖြူလေးဝတ်တဲ့ ဆရာဝန်တစ်ယောက်ဆိုတာကလွဲရင် နာမည်တောင်မသိတဲ့သူ့ကို သျှိုင်းတိတ်တဆိတ် ခေါ်မိတဲ့ နာမ်စားလေးက အစ်ကိုတဲ့။ သဘောကရြတဲ့ ယူနီဖောငျးအဖွူလေးဝတျတဲ့ ဆရာဝနျတဈယောကျဆိုတာကလှဲရငျ နာမညျတောငျမသိတဲ...