“ Ollie ပြန်ရောက်နေပြီတဲ့ ကိုကို ”
ဒီစကားကို ပြောဖို့ဟန်ယူဂျင်း အချိန်ဆွဲနေသည်မှာ ၂ရက်ကျော်လာခဲ့ပြီ ဖြစ်သည်။ ဒီနေ့မှ မပြောရင်လည်း ကိုကိုက
ပြန်သွားတာနဲ့ သိလိုက်ရမည် မဟုတ်ပေ ။
ဆိုဖာအဖြူရောင်လေးပေါ်မှာ ရောက်တတ်ရာရာ လျှောက်နှိပ်ရင်း တီဗီကြည့်မနေတဲ့ ကိုကိုက စိတ်ဝင်စားစရာအသစ် တွေ့သွားတော့ ကြယ်စင်ရောင် မျက်ဝန်းတွေနှင့် လှည့်ကြည့်သည် ။
ဝတ်ထားတဲ့ အဖြူရောင်လက်ရှည်အကျီကို အပေါ်ဆုံးကြယ်သီး ၃လုံးလောက် ဖြုတ်ထားသည့်အခါ ဟန်ယူဂျင်းမှာ မျိုချစရာ တံတွေးပင်မကျန်တော့ပေ။
“ အယ် ဟုတ်လား ၊ ဘယ်တုန်းကတဲ့လဲ ”“ သူပြန်ရောက်တာ ၃ရက်လောက်တော့ရှိပြီထင်တယ် ၊
ကျွန်တော်လည်း ဒီရက်ပိုင်း အလုပ်နည်းနည်းရှုပ်နေလို့
ပြောဖို့ မေ့သွားတာ ”
ဟန်ယူဂျင်းက ဒီတစ်လောအလုပ်ရှုပ်သည်တဲ့လား ။
ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်က ရိုက်ကူးရေးကို လေးနာရီလောက်ပဲ အပြင်ထွက်ပြီး သူ့နားကနေ တစ်ဖဝါးမှ မခွာသည့် ဟန်ယူဂျင်း၊
အိပ်ရာဝင်အခန်းတံခါးဆီထိ လိုက်ပို့တတ်သည့် ဟန်ယူဂျင်း ၊
ချီပိုးပြီး စောင်ခြုံမပေးခဲ့ရုံတမယ် အရိပ်တကြည့်ကြည့်နှင့်
ဟန်ယူဂျင်းသည် အလုပ်ရှုပ်နေခဲ့တာလား ။
ချွမ်ရွေ့က ခေါင်းလေးငုံ့ပြီး အပြုံးဟုမဆိုသာသော
နှုတ်ခမ်းကွေးတွေကို ကွယ်ဝှက်လိုက်သည် ။
“ ပြန်ပြောလိုက်လေ ဆုံကြရအောင်လို့ မတွေ့ရတာတောင် ကြာပြီဟာ ”
ငယ်ငယ်ကတည်းက ကွဲသွားတဲ့ သူငယ်ချင်းမိတ်ဆွေတွေလိုမျိုး
ဒီစကားကို ထျန်းယွဲ့အပေါ်မှာပြောရတာ အနည်းငယ်တော့
ယုတ္တိတန်မနေ ။
“ ဒီနေ့တွေ့မယ် သူအားရင်ပေါ့လေ ၊ ညနေခင်းကို
ဆိုင်တစ်ဆိုင်သာ ယူဂျင်းစီစဉ်လိုက်တော့ ”
တွေ့လား ၊ ဒါကြောင့် သူ ကိုကို့ကို မပြောပြချင်တာ။
အစကတည်းက သူ့ထက် Ollie အား မျက်နှာသာပေးသည့်
ကိုကိုက အခုလည်း ဆိုင်းမဆင့် ဘုံမဆင့်တွေ့ချင်သွားပြန်သည် ။ယူဂျင်း ဒါကိုမျှော်လင့်ထားပါသော်ငြား
သူ့ထင်မြင်ချက်တွေမှားဖို့ ဆုတောင်းနေခဲ့သည် ။
အခုတော့ သူ ကိုကိုနဲ့ အေးအေးဆေးဆေးအတူရှိရမည့်
အချိန်လက်ကျန်လေးကို ဖဲ့ပေးရတော့မည် ။