Chapter 145
လရောင်လွှမ်းနေသည့် တောင်တန်းက တိတ်ဆိတ်အေးချမ်းနေသော်လည်း အပြင်လောကတွင် အချိန်အတန်ကြာ အပေါ်အောက်ပြောင်းပြန်လှန်နေခဲ့သည်။
ရှန်းလျိုရှန့်က ထူးထူးဆန်းဆန်း နတ်ဆိုးသားရဲများကို ဆင့်ခေါ်၍ ချင်းလင်ဂိုဏ်းကို တိုက်ခိုက်ခဲ့သည့် သတင်းက ပျံ့နှံ့သွားခဲ့ပြီး ကျောက်တုံးတစ်တုံးက ထောင်ချီသော ရေလှိုင်းများကို ဖြစ်စေခဲ့သည်။
ဂိုဏ်းချုပ်လင်ယဲ့၏ ကျင့်ကြံဆင့်များက ဤနှစ်များတွင် ရုတ်တရက်တိုးတက်လာခဲ့သည်။ သူက ကျင့်ကြံရေးလောက၏ ထိပ်ဆုံးလူတစ်ယောက်ဖြစ်သည်ကို လူအများ ဖွင့်မပြောသော်လည်း လက်ခံထားကြသည်။ သို့သော် ထိုသို့သောလူမှာ ချုန်းချီကိုသန့်စင်ထားသည့် ရှန်းလျိုရှန့်နှင့် တိုက်ခိုက်ချိန်၌ ပြင်းပြင်းထန်ထန်ဒဏ်ရာရကာ အသတ်ခံရလုနီးပါး အခြေအနေဖြင့် အဆုံးသတ်သွားခဲ့သည်။
ကျင့်ကြံရေးလောကရှိလူတိုင်းက အန္တရာယ်ရှိနေ၍ ပင်မအင်မော်တယ်ဂိုဏ်းများကလည်း မတောင့်ခံနိုင်ချေ။ အဆုံးတွင် ဓားဂိုဏ်းက ကျင့်ကြံရေးလောကရှိ ပင်မဂိုဏ်းများကို ခေါ်ယူကာ နတ်ဆိုးများကိုနှိမ်နင်းဖမ်းဆီးရန် တန်ပြန်အစီအစဉ်အတွက် ဆွေးနွေးခဲ့ကြသည်။
အရုဏ်တက်ချိန်တွင် ဓားဂိုဏ်း၏ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းတွင် လူအုပ်များပြည့်လာသည်။ သူတို့အားလုံးမှာ ယမန်နေ့ညက ဖြစ်ပျက်သွားသည့်ကိစ္စကြောင့် ရောက်ရှိနေကြခြင်းဖြစ်သည်။ တစ်ယောက်က တစ်ယောက်ကို စကားပြောနေသဖြင့် လူအုပ်ကြီးက ဆူညံလာသည်။
ဂိုဏ်းချုပ်များမှ တစ်ယောက်က ဘေးပတ်လည်သို့ ကြည့်လိုက်သည်။
"ရှီးယန်ဂိုဏ်းက ဘာလို့မလာတာလဲ...အရင်တုန်းကတော့ သူတို့တွေက ဂုဏ်သိက္ခာရှိတယ်ဆိုပေမဲ့ ဒီလိုအနောက်မှာရပ်တာကတော့ အရှက်မရှိတာပဲ..."ထိုသူ၏ဘေးမှ ကျင်ခပ်ဝတ်ရုံနှင့်လူက ပြောလာသည်။
"မအံသြပါနဲ့...ဂိုဏ်းချုပ်ချန်... အကူအညီတောင်းထားတဲ့စာ ရထားတယ်...ဒီမနက်တင် ထူးဆန်းတဲ့ နတ်ဆိုးသားရဲသုံးကောင်က ရှီးယန်ဂိုဏ်းကို ကသောင်းကနင်းလုပ်ပြီးဖျက်ဆီးသွားကြတယ်...သူတို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး အခုထိမသက်သာကြသေးဘူး..."