Part-2

819 87 16
                                    

မိုးနှောင်းရာသီလို့ပြောရမလား။ စက်တင်ဘာလက မိုးရာသီဆိုသော်လည်း သူတို့နေထိုင်ရာပြည်နယ်ကကျူးကျော်ရပ်ကွက်ငယ်လေးထဲတွင် အနည်းငယ်အအေးဓာတ်ပိုလာပြီဖြစ်သည်။ အောက်တိုဘာလရောက်လျင် ရန်ကုန်ဆောင်းထက်ပင်အေးမျှနေတတ်၏။ ဒီဇင်ဘာဆိုလျှင်မပြောနှင့် အမိုးအကာခိုင်ခံ့လုံခြုံမှုမရှိသည့်အိမ်ထဲတွင် တစ်ညလုံး သွားတွေကြိတ်ထားရသည်။

ဆောင်းညရဲ့အအေးဒဏ်ကိုအံတုရင်း အခန်းမရှိသည့် ဧည့်ခန်းဟုမဆိုထိုက်သည့် ဘုရားစင်အောက်တွင် သူကွေးကွေးလေးအိပ်ခဲ့တာ ၁၈နှစ်ရှိခဲ့ပါပြီ။ မလုံခြုံသည့်နေရာအရိပ်၌ နေထိုင်ရသည့်အချိန် အိမ်ဦးနတ်အဖေဖြစ်သူကတော့ အိမ်မှာ ဘယ်တော့မှ မရှိပါ။

အဖေဖြစ်သူဟာ လောင်းကစားဝါသနာထုံသောကြောင့် ညဖက်အိမ်ပြန်လာတိုင်း အမေဖြစ်သူကို ပိုက်ဆံတောင်းတတ်သည်။ ပိုက်ဆံမရသည့်ရက်ဆိုလျှင် အမေ့ကိုရိုက်နှက်တတ်သလို သူ့ကလည်း အဆစ်ပါရသေး၏။ ညဖက်၌ ဆူဆူညံညံအသံကြားလျှင် မနက်တော့ အမေစျေးမသွားနိုင်တော့။

ထိုအချိန်မျိုးဆိုလျှင် သူကသွားပေးရသည်။ မဟုတ်ဘူး မမမရှိသည့်အချိန်မှာ သူက မမအဝတ်တွေဝတ်ပြီး စျေးသွားဝယ်ပေးရ၏။ မမရှိသည့်အချိန်ဆိုလျှင် အခန်းထဲကနေအပြင်တောင် လှမ်းခွင့်မရပါဘူး။ ဆင်းရဲလွန်းသည့် မေမေတို့မှာ အမွှာမွေးခဲ့သည်။

အမွှာမွေးထားသည်ကို မိဘတိုင်းကဝမ်းသာမည်အမှန်ဖြစ်သော်လည်း သူတို့ကျူးကျော်ရပ်ကွက်၌ အမွှာမွေးလျှင် တစ်ယောက်ကို ပစ်ထားရ၏။ ဒီစည်းကမ်းချက်က ကျူးကျော်ရပ်ကွက်ရဲ့အုပ်ချုပ်သူအကြီးအကဲတွေရဲ့အစီအစဥ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့မွေးသည့်အချိန်က ကျူးကျော်ရပ်ကွက်၌ လူဦးရေ ဒီလောက်ပဲလက်ခံသည်ဟု အမိန့်ချကာ စာရင်းလိုက်ကောက်သည့်အချိန်ဖြစ်၏။

သတ်မှတ်ထားသည့် လူဦးရေထက်ကျော်လွန်သည့်မိသားစုက မောင်းထုတ်ခံရသောကြောင့် အခြားနေရာ၌ နေစရာထိုင်စရာမရှိကာ ဘုရားနား၊ ဘူတာရုံနားတို့၌ တောင်းစားကြရသည်။ ထို့ကြောင့် စာရင်းလာကောက်သည်၌ သူ့ကိုဖွက်ထားပြီး မမနှင့် မမနာမည်ဘဲ စာရင်းထဲတွင်ပါသွား၏။

Breaking Down Where stories live. Discover now