"ဟာကွာ... ဒီမိန်းမ!"
ဖြန်!
ဦးတင်ဆွေဟာ အရက်မူးရင်း မိန်းမဖြစ်သူကို ရိုက်နှက်နေသည့်အချိန် အိမ်နီးချင်းများက ထွက်ကြည့်ကြပြီး ဘယ်သူ့မှသွားမတားရဲကြ။ ဦးတင်ဆွေဟာ နဂိုကတည်းက မူးလာလျှင် မိန်းမဖြစ်သူကို ရိုက်နှက်တတ်မှန်းလူတိုင်းသိကြ၏။ ဝင်တားသည့်လူကိုလည်း မညာတတ်သောကြောင့် သူ့အကြောင်းသိကြသည့်လူများက ဒီအတိုင်းသာကြည့်ကြရသည်။
"ပိုက်ဆံတောင်းတိုင်း မရှိဘူးပြောနေတယ်။ မိရွှေတင်လို စျေးရောင်းပါလား...တောက်! ဒီမိန်းမယုတ်ကတော့..."
"အဖေ...တော်တော့...တစ်ရက်လာလည်း ဒီအတိုင်း နှစ်ရက်လာလည်း ဒီပုံစံတွေ့နေရတာ သမီးရှက်တယ်"
ထိုအချိန်တွင် သမီးဖြစ်သူက ဝင်မတားဘဲ စိတ်ရှုပ်စွာညီးညူပြီး အိမ်ထဲဝင်သွားသည်။ ဦးတင်ဆွေကတော့ သမီးဖြစ်သူရဲ့စကားကြောင့် မိန်းမကို လက်ရွယ်ပြီးမှ ဆက်မရိုက်တော့ဘဲ တယိမ်းတယိုင်နှင့် အိမ်ထဲလိုက်ဝင်သွားသည်။
"ကြည်ပြာ ရရဲ့လား"
ရန်ပွဲငြိမ်းပြီဖြစ်သောကြောင့် လမ်းထိပ်က ရပ်ကြည့်နေသည့် ခင်ပြုံးကပြေးလာပြီး သူ့ကိုထူသည်။ သူကတော့ ပတ်ဝန်းကျင်ကို အကြိမ်ကြိမ်ရှက်နေ၍ မျက်ရည်ကိုသုတ်ပြီး အိမ်ထဲသို့မဝင်ဘဲ နောက်ဖေးဖက်သို့ ဝင်သွား၏။ ဒေါ်ခင်ပြုံးကလည်း သူ့အနောက်လိုက်လာလေသည်။
"ကဲ...ညည်းမှာလည်း ရက်တိုင်းရိုက်ခံရတော့တာပဲ ငါဆေးသွားယူပေးမယ်"
"နေပါစေ မယူနဲ့ ဆေးလိမ်းရင်လည်း နောက်ရက် ဒဏ်ရာအသစ်ထပ်ရနေမှာပဲ"
"ဖြစ်မှဖြစ်ရလေ သူငယ်ချင်းရယ်။ ပိုက်ဆံအများကြီးရတာကို တစ်ပတ်တည်းနဲ့ဘယ်လိုကုန်အောင်ဖြုန်းနိုင်တာလဲ"
"မသိပါဘူး။ သူ့ပိုက်ဆံတွေကို တစ်ပြားမှ မထိခဲ့ဘူး"
ထိုအချိန်တွင် အခန်းထဲက ဦးတင်ဆွေရဲ့ဟောက်သံများထွက်လာသည်။ စကားတီးတိုးပြောနေရာမှ ခင်ပြုံးဟာ သူ့ကိုလှမ်းကြည့်ကာ တိုးတိုးလေးပြောသည်။
"သူနဲ့ကွာရှင်းလိုက်ပါလား။ ညည်းသမီး နွေးရိပ်ကြည်ကလည်း ညည်းကိုဒီလိုလုပ်တာတောင် ဝင်မတားဘူး။ သူတို့သားအဖကို ပစ်ထားလိုက်ပါ"
YOU ARE READING
Breaking Down
General Fictionအကြွေးရှင်ဖြစ်သူဟာ အကြွေးယူထားသည့်လူဆီက သမီးကိုသိမ်းလိုက်သည်။ သို့သော် သူသိမ်းလိုက်သည့် မိန်းကလေးဟာ.......မိန်းကလေးမဟုတ်ဘဲ ယောကျ်ားလေးဖြစ်သောအခါ....။ Starting -10.2.2024 Ending -