Chapter 156
ရှုရှင်းချန်က သူ မျှော်လင့်ထားသည့်အတိုင်း နေထိုင်နိုင်ခဲ့သည်။ ခမည်းတော် ထွက်သွားပြီးသည့်နောက်တွင် သူက နန်းတွင်းကို ခြောက်သွေ့သွားအောင် မပြုလုပ်ခဲ့ရုံသာမက သုံးလောကအပေါ်တွင်လည်း လွှမ်းမိုးမှုပိုရှိလာခဲ့သည်။ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းမှာ နန်းတွင်းက သုံးလောက၏ကိစ္စများတွင် ဝင်ပါလာသောကြောင့်လည်းဖြစ်သည်။
အောင်းယွဲ့က ဝိုင်ခွက်ကိုခါပြီး သက်ပြင်းချလိုက်သည်။
" အခု မင်းတစ်ယောက်တည်းကပဲ သူ့ကို ရှုရှင်းချန်လို့ ခေါ်ရဲတော့တာ အဲလို ခေါ်နိုင်တော့တာ..."ရှန်းလျိုရှန့်က ခဏတွေးလိုက်သည်။
" ဧကရာဇ်ရှင်းချန်လို့ ခေါ်ရမှာလား..."မူရင်းဝတ္ထုထဲတွင် ရှုရှင်းချန်က နတ်ဘုရားအဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီးနောက် ဧကရာဇ်ပလ္လင်ကို ရယူနိုင်ခဲ့ပေသည်။
အောင်းယွဲ့ ခေါင်းညိတ်ပြလိုက်သည်။
" တကယ်လို့ အခုလက်ရှိအချိန်မှာ ကျိုးရွှမ်လန်ကို သဘောမကျဆုံးလူကို ပြောရမယ်ဆိုရင် အဲဒီလူက လင်ယဲ့မဟုတ်ဘဲ မင်းညီပဲ...သူ့ရဲ့ နတ်ဆိုးလောကအပေါ်ထားတဲ့အမြင်ကလည်း ပြောင်းလဲလာတယ်... ငါကတော့ အခြေအနေ အချိန်အခါ မသင့်တာကြောင့်လို့ပဲ ထင်ပါတယ်...ပြီးတော့ သူက ကျိုးရွှမ်လန်နဲ့ သေလုမျောပါးဖြစ်အောင်အထိ တိုက်ခိုက်ပြီးပြီလေ..."အောင်းယွဲ့က ရှန်းလျိုရှန့်၏ စိတ်ရှုပ်ထွေးနေသော အမူအရာကို တစ်ချက်ကြည့်ပြီးနောက် ဗလာကျင်းနေသည့် ဝိုင်ခွက်ကို ဖြည့်ပေးလိုက်သည်။
" အံ့ဩမနေပါနဲ့... အခုအချိန်မှာ နတ်ဆိုးဧကရာဇ်နဲ့ လူသားဧကရာဇ်က မတည့်ကြဘူးဆိုတာကို သုံးလောကလုံး ဘယ်သူမှ မသိကြဘူး..."ရှန်းလျိုရှန့်က ဝိုင်သောက်လိုက်သည်။
" ဘာလို့လဲ..."အောင်းယွဲ့က ပခုံးတွန့်ပြလိုက်သည်။
" အဲအချိန်တုန်းက ကျိုးရွှမ်လန်ရယ်၊ မင်းရဲ့အလောင်းရယ်၊ ချုန်းချီရယ်ပဲ ရှိနေခဲ့တာလေ... ကျိုးရွှမ်လန်က မင်းကိုသတ်ပစ်ပြီး ချုန်းချီရဲ့ ပြဿနာကို ဖြေရှင်းခဲ့တယ်လို့ အားလုံးက ထင်နေကြတာလေ... အဲဒီလူတွေက နေ့နေ့ညညတောင် ပျော်ပွဲရွှင်ပွဲတွေ နွှဲနေခဲ့ကြသေးတယ်..."