"ရဲရင့် ကိုယ်ဘယ်လိုနေလဲ......အဆင်ပြေလား"
အဖြူရောင်suitလေးနဲ့ သန့်ပြန့်နေသူကို ကြည့်ရင်း ခေါင်းညိတ်လို့သာ အဖြေပေးလိုက်မိ၏။
အမြဲတစေ ကျော့ရှင်းနေတတ်သူက ဒီနေ့မှာလည်း အလှဆုံး၊အချောဆုံးဖြစ်နေဆဲပါပဲ။
စိတ်လှုပ်ရှားမှုကြောင့် နီစွေးလာသည့် ပါးလေးတွေကိုငေးရင်း ရင်ဘတ်ထဲမှာ လှိုက်ခနဲခံစားမိလိုက်ရတာက ပျော်ရွှင်နေရခြင်း၏ သက်သေပဲဖြစ်လိမ့်မည်။နောက်ဆုံးတော့ ဒီအိုမီဂါလေးက ကျွန်တော့်အပိုင်ဖြစ်လာတော့မယ်တဲ့လေ။
လူမျက်နှာတွေ၊အရိပ်တွေ၊အရောင်တွေကို စတင်ခွဲခြားသိနိုင်တဲ့အရွယ်ကတည်းက ပုခက်ပေါ်ကနေ အမြဲငုံ့မိုးကြည့်ပြီး မြူနေသည့်အစ်ကိုအဖြစ် ကလေးတစ်ယောက်ရဲ့ ဦးနှောက်မှာ စွဲထင်နေခဲ့သူဆိုလည်းမမှား။
၅နှစ်၊၆နှစ်အရွယ် အသိဉာဏ်စတင်ချိန်မှာတော့ ဆရာကြီးလုပ်တတ်သော၊စကားများတတ်သော၊သူတို့ကို တစ်ချိန်လုံးစနောက်နေတတ်သော ကြည့်မရသည့် အစ်ကိုအဖြစ် ပြောင်းလဲသတ်မှတ်သွားခဲ့သည်။ဆယ်ကျော်သက်အရွယ်မှာ ကျွန်တော့်နာမည်ကို 'ရဲရဲလေး'လို့ ဖျက်ဆီးခေါ်ဝေါ်သည့် အိုမီဂါကို အမှုန့်ကြိတ်ပစ်ချင်မိဖူး၏။
အစအနောက်သန်လွန်းသူက မကြိုက်လေ ပိုခေါ်လေနဲ့မို့ တင်းနစ်ပြိုင်ရိုက်ရင်း ထိုနာမည်ကိုမခေါ်တော့အောင် လုပ်ခဲ့ရသည်အထိ။နွေအရုဏ်ဦးဆိုသည့်ဖြစ်တည်မှုက အာရုံနောက်စရာပဲလို့ အမြဲစွဲမှတ်ထားရင်း ကျွန်တော့်အထင်တွေက လွဲမှားနေပါလားလို့ ထိတ်လန့်ဖွယ်သိခဲ့ရတာကတော့ ထိုအိုမီဂါ အထက်တန်းပြီးလို့ ဟားဗတ်ကို ကျောင်းသွားတက်သည့် ကာလတွင်ဖြစ်၏။
"ကိုယ့်လွယ်အိတ်သယ်ပေးဦး"
"ကိုယ့်စာအုပ် ကူကိုင်ပေးဦး"
"ကိုယ့်ကိုမုန့်ဝယ်ကျွေးဦး"
"ကိုယ်နဲ့အတူ တင်းနစ်ဆော့ပေးဦး
"ရဲရဲလေး ကိုယ့်ကို ကိုကိုလို့ခေါ်ကွာ"စသဖြင့် တဂျီဂျီအသံတွေဟာ အာရုံနောက်ဖွယ်ကောင်းတာမို့ မြန်မြန်သွားလေ၊ဝေးလေကောင်းလေလို့ ထင်ခဲ့မိပေမဲ့ တကယ့်လက်တွေ့ကြုံလာချိန်မှာတော့ ထင်သလိုဖြစ်မလာခဲ့မှန်း သူသိလိုက်ရ၏။