နှင်းတွေခပ်ပါးပါးကျနေတဲ့ ဒီဇင်ဘာညနေတစ်ခုမှာတော့ နွေတို့ရဲ့စံအိမ်ကြီးက မြက်ခင်းပြင်မှာ သူငယ်ချင်းတွေနဲ့ လူစုံတက်စုံရှိနေကြသည်။
ရဲရင့်ရဲ့အတန်းဖော်သူငယ်ချင်းတွေ၊ နွေ့ရဲ့အတန်းဖော်သူငယ်ချင်းတွေနဲ့ လူစုကာ barbecueလုပ်စားနေကြခြင်းပင်။
အိမ်ရှေ့မြက်ခင်းပြင်မှာ တဲဆင်ထားပြီး အအေးဒဏ်ခံနိုင်ဖို့ သစ်သားတုံးတွေကိုလည်း မီးဖိုထားသေး၏။
ကိုယ်ကြိုက်တာကိုယ်ကင်စားရင်း သောက်ကြစားကြလုပ်နေကြတာဖြစ်ပြီး နွေကတော့ စားချင်တာလေးလက်ညှ်ိုးထိုးလိုက်၊ နည်းနည်းမြည်းပြီးရင် ရဲရင့်ကိုပဲ ပြန်ကျွေးလိုက်နဲ့ အဆင်ပြေပြေရှိနေ၏။
တကယ်တော့ နွေအရုဏ်ဦးက အစားသမားထက် အသောက်သမားဖြစ်ပြီး ဘီယာဘူးတွေကို တစ်ဘူးပြီးတစ်ဘူးဖောက်နေတာဖြစ်၏။
သို့သော် သူ့ကြည့်ရတာ နည်းနည်းလေးမှ မူးနေသည့်ပုံမပေါ်ပါ။"ဘီယာတွေ ဘယ်နှစ်ဗူးတောင်ရှိနေပြီလဲ၊ ထပ်မသောက်တော့နဲ့"
"ဟွန်း....ဒီလောက်နဲ့ ဘာဖြစ်မှာကျလို့၊ ကိုယ်က ဘယ်လောက်သောက်သောက် မမူးတတ်တဲ့သူထဲကပါနော်"
"ပြောတာပဲ၊ ပြီးမှ မူးလို့ဆိုရင် ဒီညတဲထဲတင်ပစ်ထားလိုက်မယ်"
"မမူးပါဘူးဆို ရဲရဲလေးကတော့"
"ကိုနွေအရုဏ်ဦး!"
သူမကြိုက်တဲ့နာမည်ကိုခေါ်တော့ ကိုယ့်နာမည်ကို အံကြိတ်သံကြီးနဲ့ပြန်ခေါ်ပြီး မျက်နှာကလည်း စူပုပ်သွားသေး၏။
နွေကတော့ ဒါကိုပဲ သဘောတကျနဲ့ တခစ်ခစ်ရယ်ရင်း သူကင်ပေးထားတဲ့ အာလူးတစ်ချို့ကိုယူစားလိုက်၏။
သူငယ်ချင်းတွေကလည်း တစ်ကျောင်းတည်းက စီနီယာဂျူနီယာတွေမို့ သူတို့အတွေ့အကြုံတွေကို အချင်းချင်းပြောနေရင်း လေမတိုးနိုင်အောင်ရှိနေပါသည်။
ထိုအထဲမှာတော့ နွေ့အနေနဲ့ တစ်ခုခုကိုကြိုတင်အနံ့ခံနေမိပြီး ပြုံးမိသွားတာကတော့ Jadeတစ်ယောက် ရဲရင့်၏အတန်းဖော်သူငယ်ချင်း အိုမီဂါအမျိုးသားလေးကို လိုတာထက်ပိုဂရုစိုက်ပြီး အာသွက်လျှာသွက်ဖြစ်နေတာပင်။ သူ့အတွေ့အကြုံအရ ဒါမျိုးက တစ်ယောက်ယောက်ကို သဘောကျမှ Jadeလုပ်တတ်သည်မှန်း သိထားသည်လေ။
