နိုဝင်ဘာလကုန်ပြီး ဒီဇင်ဘာထဲဝင်တာနဲ့ ဘော်စတွန်မြို့မှာ နှင်းတွေကစတင်ကျဆင်းလာကြသည်။
အိပ်ယာနိုးတာနဲ့ ပြတင်းတံခါးရဲ့ခြေရင်းမှာ အစုအခဲလိုက်ရှိနေသည့် နှင်းဖြူဖြူတွေကို မြင်တွေ့နေရ၏။
အိပ်ရာနိုးနိုးချင်း ငြိမ်သက်တိတ်ဆိတ်ရင်း နှင်းတွေကျနေတာကို ကြည့်နေသူသည် ခန္ဓာကိုယ်တစ်ခုလုံးကတော့ ရင်ခွင်ကျယ်ကြီးထဲမှာနစ်မြုပ်လျက် နွေးထွေးမှုတို့ကို အပြည့်အဝခံစားနေရ၏။ဒီနှစ်ဖြတ်သန်းရသောဆောင်းသည် ယခင်၅နှစ်တာကာလနဲ့မတူ
ရန်ဖြစ်ဖော်ဖြစ်ဖက်၊စကားများဖော်များဖက်တစ်ယောက်နဲ့ ပျင်းချိန်မရှိအောင် ဖြတ်သန်းနေရတာဖြစ်သည်။
ကျောင်းပြန်ဖွင့်သည်မှာ တစ်လရှိပြီဖြစ်သလို၊ သူတို့နှစ်ဦး ဘော်စတွန်ရောက်လာကြတာလည်း တစ်လပြည့်ပြီဖြစ်သည်။နွေကတော့ ထုံးစံအတိုင်း စာသင်ခန်းရယ်၊လက်တွေ့အချိန်တွေရယ်၊စာကြည့်တိုက်ရယ်နဲ့ တစ်နေကုန်နေရပြီး ရဲရင့်ကလည်း သူ့ရဲ့စာသင်ချိန်၊မြန်မာပြည်ဘက်က သူညွှန်ကြားနေဆဲအလုပ်တွေ၊အစည်းအဝေးတွေနဲ့ တစ်နေကုန်နေရတာများ၏။
သို့သော်လည်း သူတို့နှစ်ဦးကြားမှာ စိမ်းသက်သောအခြေအနေရယ်လို့ အခုထိတိုင် မကြုံရသေးပါ။
ညနေဘက် သူလာကြိုသည့်အချိန်မှစ၍ ညဘက်အိပ်ရာဝင်ချိန်အထိ ကြုံခဲ့သမျှကို နွေက ပေါက်ပေါက်ဖောက်လေ့ရှိသလို သူကလည်းပြောသမျှကို တစ်ချိန်လုံးနားထောင်ပြီး လိုက်လျောညီထွေတဲ့တုံ့ပြန်မှုမျိုး ပြန်ပေးဖို့လည်းမမေ့တတ်။ဒါကတော့ စကားများချင်သည့်နွေတစ်ယောက် သဘောအကျဆုံးအချက်ဆိုလည်း မမှား။"အာ စူးတယ်၊ မင်း အမွေးငုပ်စိတွေက"
ကိုယ့်အတွေးနဲ့ကိုယ် အပြင်ကိုငေးနေခိုက် လည်တိုင်မှာခံစားလိုက်ရသည့် စူးရှရှအထိအတွေ့ကြောင့် အတွေးတွေပြတ်တောက်ကာ အော်မိသွားရသည်။
အအော်ခံရသူကတော့ မမှုဘဲ ပိုပြီးတောင်ပွတ်တိုက်လာတာမို့"ဂုဏ်ရဲရင့်လျှံနော် ကိုယ် မင်းမျက်နှာကြီးကို ကုန်းကိုက်ပစ်မှာ....အာ့ စူးတယ်လို့ဆို"
"မနက်စောစောကွာ အော်ဟစ်နေတာပဲ၊နားညည်းလိုက်တာ"
"ဘာ မင်းနော်၊ ကိုယ်က တမင်အော်နေတာမို့လား၊ မတည့်အောင် လာစနေတာ ဘယ်သူလဲ"
