Chapter 160
ကံကောင်းသည်မှာ နောက်ပိုင်းတွင် သူ့ကျင့်ကြံဆင့်များ ပျောက်ဆုံးသွားခဲ့ရသည့်အကြောင်းကို ရှာတွေ့သွားခဲ့သည်။ သူက နဂါးမျိုးနွယ်၏ မျိုးဆက်ဖြစ်၍ သူ၏အသွေးအသားကို တစ်ဖန်ပြန်လည်တည်ဆောက်ရမည်ဖြစ်သည်။
သို့ဖြစ်၍ သူ့ကျင့်ကြံဆင့်ကို ပြန်လည်တည်ဆောက်ရမည်ဖြစ်သည်။ ထိုအချိန်အတောအတွင်းတွင် စုပိုင်ချယ့်က သူ့နားသို့ ပထမဆုံးချဉ်းကပ်လာခဲ့သူဖြစ်ပြီး သူ့ကို အမြဲကာကွယ်ပေးခဲ့သည်။ သို့ရာတွင် ကျိုးရွှမ်လန်က မည်သူ့ကိုမှ မယုံကြည်တော့ပေ။ သူ စုပိုင်ချယ့်ကို အမြဲသံသယမကင်းဖြစ်နေခဲ့ပြီး နောက်ပိုင်းတွင် ထိုလူက ထူးဆန်းသည်ကို ရှာတွေ့ခဲ့သည်။ သူက ကိစ္စများကို အမြဲကြိုသိနေပုံပေါ်ပြီး သူ့ဘေးတွင် အချိန်ကိုက်ပေါ်လာတတ်သည်။
စုပိုင်ချယ့်က ပရိသတ်များ ရှေ့တွင် ဖျော်ဖြေနေသည့်သဖွယ် သူ့ကိုကူညီပေးနေသည်ကို ကျိုးရွှမ်လန်က ကျေးဇူးတင်ချင်ယောင်ဆောင်ခဲ့သည်။
ထိုလူက သူ့ရှေ့တွင် ကောင်းကောင်းဟန်ပြနေခြင်းဖြစ်သည်။ ဤလောကတွင် လက်ရှိအချိန်၌ ထင်ရှားသောလူအချို့က စုပိုင်ချယ့်ကို နှစ်သက်ကြသည်။ လင်ယဲ့၊ ရှုရှင်းချန်၊ ယဲ့ပင်းရန် ထိုလူအားလုံးက ကျိုးရွှမ်လန်ကို မနာလိုဖြစ်ကြသည်။ ပို၍ရယ်ရသည်မှာ ထိုလူအားလုံးက သူ့ကို အချစ်ပြိုင်ဘက်အဖြစ် သဘောထားနေခြင်းဖြစ်သည်။
ကျိုးရွှမ်လန်က အရာအားလုံးကို မြင်နိုင်သူဖြစ်၍ စုပိုင်ချယ့်ထံတွင် လျှို့ဝှက်ချက်တစ်ခုရှိကြောင်းသိသည်။ သို့ရာတွင် ထိုလျှို့ဝှက်ချက်ကို ရှာမတွေ့မီး မျက်လုံးပွင့်လာပြီးနောက် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။
အကယ်၍ သူ ဤနေရာတွင် ပေါ်မလာခဲ့ပါက ပင်မကုန်းမြေမှ ထွက်သွားလောက်ပြီဖြစ်သည်။ မူရင်းလောကကြီးက သူ့အတွက် ပျင်းရိဖွယ်ရာဖြစ်သည်။ ဆယ့်ခြောက်နှစ်တာလုံးလည်း ဤသို့တွေးနေခဲ့ခြင်းဖြစ်ပြီး နဂါးဥခွံ၏ အခြားတစ်ဝက်ကိုရှာကာ လေဟာနယ်ကိုဖြတ်ကျော်၍ ထွက်သွားရန် တွေးနေခဲ့သည်။သို့သော် ယခုအခါတွင်မူ သူ ဤနေရာ၌သာ ပိတ်မိနေသည်။
ရှန်းလျိုရှန့်၏ကိုယ်ပေါ်တွင် ပြောင်းပြန်ကြေးခွံရှိသည့်အကြောင်းကိုသိသည်နှင့် တစ်စုံတစ်ရာက မှားယွင်းနေသည်ဟု ကျိုးရွှမ်လန် ခံစားလိုက်ရသည်။ ထိုလူက သူ၏ သေစေနိုင်သောအားနည်းချက်ကို ချုပ်ကိုင်ထားသော်လည်း မသိစိတ်ထဲတွင်မူ ထိုလူက သူ့ကိုစိုးစဉ်းမျှ အန္တရာယ်မပြုနိုင်ဟု ခံစားနေရသောကြောင့် စိတ်အေးနေမိသည်။