Chapter 164
ရှုရှင်းချန်နေထိုင်သည့် နန်းဆောင်ထဲတွင် ညနက်နေချိန်၌ မီးအိမ်များမထွန်းညှိထားသော်လည်း လရောင်က ပြတင်းပေါက်မှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ ဖြာကျနေ၍ အနည်းငယ်အေးစက်သည့် ခံစားချက်မျိုး ပေးနေသည်။
ထောင့်တစ်နေရာမှ အမွှေးတိုင်က လက်တစ်ဆုပ်စာခန့် မီးခိုးလေးများ တိတ်ဆိတ်စွာထွက်နေ၍ စိတ်ကြည်လင်ဖွယ်ရနံ့တစ်မျိုးက လေထဲတွင်ပျံ့နှံ့နေသည်။ သာမန်လူများက ထိုအနံ့ကို တစ်ချက်ရှုရှိုက်မိရုံဖြင့် မူးဝေသွားနိုင်ပေသည်။
သို့သော် ရှုရှင်းချန်က မည်သို့မှ ခံစားမနေရရပေ။
သူ၏ အရောင်တလက်လက်တောက်နေသည့် သရဖူကို ချွတ်လိုက်ပြီးသည့်နောက် ဆံပင်ရှည်များကိုပါ ဖြည်ချလိုက်သည်။ သူ ကြမ်းပြင်ပေါ် တစ်ယောက်တည်းထိုင်ကာ ဝိုင်သောက်နေပေသည်။ အကာအကွယ်ထဲတွင် လှုပ်ရှားမှုတစ်ခုဖြစ်ပေါ်သွားသည်ကို သတိပြုမိသည့်အခါ နှုတ်ခမ်းများတွန့်ကွေးလျက် ဝိုင်ကို တစ်ကျိုက်တည်းမော့သောက်လိုက်သည်။
ရှန်းလျိုရှန့်က ငါ့ကို အရမ်းကြောက်သွားလို့ ထွက်ပြေးတော့မယ်ထင်တယ်...
ရှင်းလျန်လည်း ငါ့နားက ထွက်သွားမှာပဲ...
သူတို့အားလုံး ငါ့နားက ထွက်သွားနေကြတယ်...
ရှုရှင်းချန် တိတ်တဆိတ် တွေးတောနေမိသည်။
ဒါ ဘာသဘောလဲ... ငါတို့က မိသားစုတွေ မဟုတ်ဘူးလား... ဘာကိစ္စ အေးစက်တဲ့ နန်းတွင်းထဲမှာ ငါတစ်ယောက်တည်းကို ထားခဲ့တာလဲ...သူက ခမည်းတော်ကဲ့သို့ ထူးချွန်သူမဟုတ်၍ ထိုသို့အထီးကျန်ခြင်းကို မတောင့်ခံနိုင်ပေ။
သို့ရာတွင် ၎င်းကိုတောင့်ခံရန် အခြားနည်းလမ်းလည်း မရှိပေ။
ရှင်းလျန် မနိုးထလာမီက သူ တစ်နှစ်တာလုံး တစ်ယောက်တည်း အထီးကျန်စွာဖြင့် တောင့်ခံခဲ့သည်။ နေ့အချိန်တွင်မူ သူက လူများစွာ၏ရှေ့တွင် ဟန်ဆောင်မျက်နှာဖုံးဖြင့် နေထိုင်ခဲ့ပြီး အရာအားလုံးကို အပြစ်အနာအဆာမရှိဘဲ ပြီးပြည့်စုံစွာ လုပ်ဆောင်ရသည်။ ညအချိန်ရောက်မှသာ အနားယူနိုင်ပြီး ရှင်းလျန်၏ဘေးတွင်နေကာ သူမ နိုးထလာမည့်အချိန်ကို စောင့်ဆိုင်းနေရသည်။