တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့
အပိုင်း ၄
ဤပတ်ဝန်းကျင်သည် လူသွားလူလာနည်းပြီး အကွာအဝေးတစ်ခုတွင်တော့ တံခါးတစ်ဝက် ပိတ်ထားသည့် စတိုးဆိုင်လေး တစ်ခုရှိသည်။ ထိုနေရာမှပင် မာကျောက်ဆော့နေသည့်လူများ၏ ရယ်မောသံများကိုလည်း ကြားနေရသေး၏။
ကျန်းယွီသည် ထိုကောင်လေးအား အနည်းငယ်လှမ်းသော နေရာမှပင် ကြည့်နေလေသည်။ အနားကပ်သွားဖို့ကိုလည်း ကြောက်ရွံ့ကာ တွန့်ဆုတ်နေ၏။
ချူးလီတစ်ယောက် မြေကြီးပေါ်တွင် နောက်ပြန်လဲလျောင်းလိုက်သောအခါ နက်ပြာရောင်ကောင်းကင်ထက်တွင် ကြည်လင်တောက်ပနေသည့် လခြမ်းကွေးလေးအား မြင်နေရသည်။
ယခုကဲ့သို့ အဖြူရောင် လခြမ်းကွေးလေးကို မမြင်ခဲ့ရသည်မှာ ဘယ်နှနှစ်ကြာခဲ့ပြီလဲပင် သူမသိတော့ပါ။
ချူးလီခဏတာလောက် လဲလျောင်းနေပြီးမှ ဒူးထောက်ကာ ထလိုက်လေသည်။
သူ့ပုံပန်းသဏ္ဍာန်ဟာဆိုရင်ဖြင့် အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနှငိ့ဖြစ်ပြီး သူ၏လက်ပြတ်အင်္ကျီလေးတွင်တော့ ရွှံ့များ၊ သွေးများဗလပွဖြစ်နေလေသည်။ အင်္ကျီ၏ မူလအရောင်ကိုပင် မမြင်ရတော့ပေ။
ကျန်းယွီအတွက်တော့ ဒီခံစားချက်မှာ စိတ်ဓာတ်ကျချင်စရာကောင်းလှ၏။
ထို့နောက် သူသည် လမ်းအဆုံးဆီသို့ ဖြေးဖြေးချင်း လျှောက်သွားသည်။
သူ့ကြည့်ရတာ ခန္ဓာကိုယ်အနှံ့တွင်ရှိနေသော ဒဏ်ရာများကို နည်းနည်းလေးမှ မမူသည့်အတိုင်းပင်။
အစကတော့ သူဆေးရုံသွားလိမ့်မည်ဟု ကျန်းယွီထင်လိုက်မိ၏။ ထို့ကြောင့် သူ့နားနီးနီးအထိ ကပ်မလိုက်ရဲသော်လည်း အနောက်ကနေ လိုက်သွားလိုက်လေသည်။ သူ့ကိုတော့ ကျန်းယွီ ကြောက်နေဆဲဖြစ်သည်။
မည်သို့ပင်ဆိုစေ သူသည် လူသတ်သမားတစ်ဦးပေ။
သူသည် လူမှု့ဆက်ဆံရေး အင်မတန် ညံ့ဖျင်းကြောင်း သတင်းများ၌ ဖော်ပြထားသည်ကို သူမမှတ်မိနေခဲ့သည်။
