U: Part 1

8.5K 354 13
                                    

"တစ်ခါတုန်းက နိုင်ငံတစ်နိုင်ငံမှာ မင်းသားတစ်ပါးရှိတယ်တဲ့။ သူဟာ အရမ်းချောမောလှပတဲ့အတွက် တစ်တိုင်းပြည်လုံးက ဝိုင်းချစ်ကြတယ်။ အားလုံးက သူ့ကို အရမ်းမြတ်နိုးပြီး တစ်ချိန် ချိန်မှာ တခြားနိုင်ငံတစ်ခုခုက မင်းသမီးလေး တစ်ပါးပါးနဲ့ပဲလက်ဆက်မယ်လို့ မျှော်လင့်ထားကြတယ်။"

ယင်းရဲ့အသံခပ်အေးအေးက တိတ်ဆိတ်တဲ့ ညအလည်မှာ တိုးတိုးညှင်းညှင်း ပျံ့လွင့်နေသည်။

"ဒါပေမယ့် မထင်မှတ်ထားစွာပဲ မင်းသားလေးက နိုင်ငံရဲ့တောအုပ်အစွန်မှာနေတဲ့ စုန်းမလေးနဲ့ မေတ္တာမျှမိကြတယ်။ စုန်းမလေးက အရင်က လူတွေကို ဒုက္ခပေးလွန်းလို့ဆိုပြီး အားလုံးက မုန်းကြတယ်တဲ့။"

ယင်းက အနားစွန်းတွေပေရေညစ်ပတ်နေသည့် ပုံပြင်စာအုပ်အဟောင်းရဲ့ စာမျက်နှာ နောက်တဖက်ကို သတိထားပြီး ဖြေးဖြေးချင်းလှန်လိုက်သည်။ လင်းက ရှေ့တိုးပြီး စာမျက်နှာပေါ်က ခပ်မှိန်မှိန် သရုပ်ဖော်ပုံကို ကြည့်ဖို့ကြိုးစားပေမယ့် စာအုပ်စင်တွေကြားက ဖြတ်ဝင်လာသည့် လရောင်က မှိန်ဖျော့လွန်းလှသည်။

"ဘုရင်ကြီးနဲ့တိုင်းသူပြည်သားတွေက ဘယ်လိုပဲ တားပေမယ့် မင်းသားလေးက ပြောစကားနားမထောင်ပဲ စုန်းမလေးနဲ့အတူ ထွက်သွားပြီး ပျောက်ကွယ်သွားတယ်တဲ့။"

ယင်းက စုတ်ပြဲနေတဲ့ စာရွက်ကို လက်ဖျားနဲ့ဖိပြီး ဆက်ကြည့်သည်။

"ဟင်. . . ပုံပြင်က ပြီးသွားပြီလား။ မင်းသားလေးက ဘာလို့ထွက်သွားရတာလဲ။"

လင်းက စိတ်မရှည်စွာ နှုတ်ခမ်းစူတော့ ယင်းက လင်းကို မော့ကြည့်သည်။ အရမ်းငယ်သေးလို့လားတော့မသိ လင်းနဲ့ယင်းရဲ့ မျက်နှာလေးများသည် မှန်ထဲမှာ ပြန်ပေါ်နေသည့် တစ်ယောက်ပုံရိပ်ကို တစ်ယောက်မြင်ရသလို တူညီလွန်းလှသည်။

"သူကပြောတယ်တဲ့ လူအများရဲ့ ချစ်ခြင်းကို ခံရတာထက်စာရင် ကိုယ်တစ်ကယ် ချစ်မြတ်နိုးတဲ့သူရဲ့အချစ်ကိုပဲ ခံယူချင်တယ်တဲ့။"

စာအုပ်ထဲမှာ တကယ်ပါမပါ မသေချာပေမယ့် ယင်းပြောတဲ့ အဓိပ္ပါယ်ကို သေချာနားမလည်ပေမယ့် လင်းခေါင်းငြိတ်ပြလိုက်သည်။

မျက်ကန်းမြစ်Where stories live. Discover now