U: Part - 5

1.6K 178 13
                                    


"နေ့လည်က နင်နဲ့ နဒီနဲ့ ဘာဖြစ်ကြတာလဲ။"

နှစ်ယောက်တည်းသာရှိတဲ့ ညစာထမင်းပွဲက တိတ်ဆိတ်နေတဲ့ လေထုကို ယင်းက စဖျက်စီးလိုက်သည်။ နေ့လည်က ဧည့်သည်တွေပြန်သွားတာနဲ့ နဒီနဲ့ အော်ဟစ်ရန်ဖြစ်ထားရတာမို့ လင်းမှာ စကားပြောချင်စိတ်မရှိ။ ဒါပေမယ့် လင်းဆီက အဖြေတစ်ခုခုကို မျှော်လင့်နေသလို မျက်နှာကို အသေအချာလိုက်ကြည့်နေတဲ့ ယင်းရဲ့ အပြုအမူက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်။

"နင့်ကို နဒီဘာပြောလိုက်လဲ။ သူပြောတဲ့ အတိုင်းပဲ။"

ယင်း ထင်ချင်သလိုသာ ထင်စေတော့ ဖြစ်ခဲ့သမျှကို ကိုယ့်ဘက်ကအမှန်တရားဖြစ်အောင် စီကာပတ်ကုံးနှင့် ပြောမပြချင်တော့။ ပြောရပြန်ရင်လဲ နောက်ကြောင်းတွေ ပြန်ပါလာမည်။ ပြီးရင် လင်းသည် ယင်းကို စွပ်စွဲပြီး ရန်ဖြစ်ကြမည်။ ငိုမိ ယိုမိ ပြန်ဦးမည်။ ပြီးတော့ညစာ စားချိန်မှာကို ယင်းက လက်ထဲက အရက်ခွက်ကိုမချ။ မစားခင် ၀ီစကီ တစ်ခွက် နှစ်ခွက်သောက်တတ်တဲ့ အကျင့်က ဖေဖေကိုယ်တိုင်မှာပါ ရှိပြီး ယင်းကိုလဲ ခွင့်ပြုထားပေမယ့် သူက အမြဲတမ်း စည်းကို နည်းနည်းတော့ ခိုးကျော်လိုက်ရမှဆိုသည့်သူ။ မူးနေသည့် ယင်းသည် စကားပြောလို့ကောင်းသည့် အရာမဟုတ်။

ယင်းက ဖန်ခွက်ထဲက ရေခဲတွေပျော်အောင် လက်ထဲမှာ လှည့်နေရင်း နှုတ်ခမ်းကိုကိုက်ပြီး တစ်ခုခုကို စဉ်းစားနေသည်။ သူ့မျက်နှာ အသားဖြူဖြူက ထမင်းစားခန်းမီး အဝါအောက်မှာတောင် အရက်ရှိန်ကြောင့် နီရဲနေသည်။

"နဒီက ဘာမှ မပြောပါဘူး။ ငါပြန်ရောက်လာတော့ ငိုနေတာ။ ဘာမှလဲ မေးမရဘူး။"

လင်း မျက်ခုံးတစ်ဖက်ပင့်သွားရသည်။ နဒီက ငိုနေတယ်ဆိုပဲ။ နဒီလို အကျောခပ်မာမာ မျက်နှာပြောင်တဲ့ မိန်းမတစ်ယောက်က ဒီလောက်လေး အရှက်ခွဲခံရရုံလောက်နဲ့ ထိခိုက်နာကျင်သတဲ့လား။ ဒါမှ မဟုတ် ယင်း သနားပါစေတော့ရယ်လို့ ဟန်ဆောင်ပြနေသလား။

ဘာမှ မပြောပဲ မယုံတဲ့ မျက်နှာထားနဲ့ လှောင်ရီချင်ဟန်တူတဲ့ လင်းကို ကြည့်ပြီး ယင်းက သက်ပြင်းတစ်ချက်ချသည်။

မျက်ကန်းမြစ်Where stories live. Discover now