U: Part 7

1.7K 183 16
                                    

"ယင်း ဘယ်မှာလဲ။"

ဆရာဝန်မရောက်လာသေးခင် နဒီ့ ဒဏ်ရာကို အံ့က ဆေးကြောသန့်စင်ပြီး တတ်နိုင်သမျှ သွေးတိတ်အောင် ကြိုးစားနေသည်။ နဒီက သတိလည်မလာသေးပေမယ့် သိပ်မစိုးရိမ်ရတော့လို့ ထင်တော့ လင်း အပြင်ထွက်လာပြီး အပေါက်ဝကနေ ပြူတစ်ပြူတစ်နှင့် ချောင်းနေကြသည့် အိမ်က အလုပ်သမားကောင်မလေးတွေကို ယင်းဘယ်မှာလဲ မေးတော့ အကုန်လုံးက တစ်ယောက်တစ်ပေါက်နဲ့ လက်ညှိုးတွေက တောင်ထိုး မြောက်ထိုး ဘယ်သူမှ ရေရေရာရာ မဖြေနိုင်။

လင်း ဒေါသထွက် ထွက်နဲ့ အပေါ်ထပ်ကို ပြေးတက်လာခဲ့သည်။ စာကြည့်ခန်းထဲမှာများရှိမလားလို့ တံခါးကို ဖွင့်တော့ တံခါးက ပွင့်မလာ။

"ယင်း နင်အထဲမှာ ရှိနေတယ်မလား။ တံခါးဖွင့်စမ်း။"

တံခါးကို ခပ်ပြင်းပြင်းထုရိုက်လဲ အထဲက တုံ့ပြန်သံမကြား။ ကိုယ်လုံးစောင်းနဲ့ တွန်းဖွင့်လဲ ကျွန်းတံခါး အခိုင်အခံ့မို့ တုတ်တုတ်တောင်မလှုပ်။ သူအထဲမှာ ရှိမှန်းသေချာလေ လူက ဒေါသတွေထွက်လာလေလေ။

"သော့ ဘယ်မှာလဲ။ သော့အပိုဘယ်မှာလဲ။"

လင်း ဒေါသနဲ့ ဟိန်းနေအောင်အော်မှ အိမ်ထိန်းအဖိုးကြီးက တုန်တုန်ယင်ယင်နှင့် သော့တစ်တွဲလာပေးသည်။ အဖိုးကြီးက မျက်စိမှုန်မှုန်နဲ့ တပါးတည်းတွဲထားသည့် မြောက်များလှစွာသော သော့တွေထဲက စာကြည့်ခန်းသော့ကို ရှာနေတာလဲ စိတ်မရှည်တော့။ သူ့လက်ထဲက ဆတ်ကနဲ လုပြီး စိတ်ထင်တဲ့ သော့တစ်ချောင်းကို ထိုးထည့်လိုက်တော့ ချောက်ကနဲ အသံနဲ့အတူ တံခါးပွင့်သွားသည်။

စိတ်မြန်လက်မြန်နဲ့ စာကြည့်ခန်းထဲ ဝင်လိုက်ပြီးမှ အထဲက မြင်ကွင်းကြောင့် လင်းခြေလှမ်းတွေ တုံ့သွားသည်။

အမြဲ သပ်သပ်ရပ်ရပ်ရှိခဲ့သည့် စာကြည့်ခန်းတစ်ခုလုံးသည် တောရိုင်းတိရစ္ဆာန်တစ်ကောင် ဝင်ရောက်သောင်းကျန်းသွားသလို တခန်းလုံး ဖရိုဖရဲ။ ခုံတွေ စားပွဲတွေ အားလုံးက ကျွမ်းထိုးမှောက်ခုံ။ စာအုပ်တွေ ကလဲ ပြန့်ကျဲလို့။ ပန်းအိုးအကွဲတွေ ဖန်ခွက်အကွဲ ပုလင်းကွဲစတွေကလည်း ကြမ်းပေါ်မှာ ပြန့်ကျဲနေသည်။ ဒါပေမယ့် လူသူမရှိ တိတ်ဆိတ်ငြိမ်သက်နေသည်။

မျက်ကန်းမြစ်Where stories live. Discover now