U: Final

865 84 25
                                    

"တစ်ခါတုန်းက နိုင်ငံတစ်နိုင်ငံမှာ မင်းသားတစ်ပါးရှိတယ်တဲ့။ သူဟာ အရမ်းချောမောလှပတဲ့အတွက် တစ်တိုင်းပြည်လုံးက ဝိုင်းချစ်ကြတယ်။ အားလုံးက သူ့ကို အရမ်းမြတ်နိုးပြီး တစ်ချိန် ချိန်မှာ တခြားနိုင်ငံတစ်ခုခုက မင်းသမီးလေး တစ်ပါးပါးနဲ့ပဲလက်ဆက်မယ်လို့ မျှော်လင့်ထားကြတယ်။"

"မဖတ်နဲ့"

လင်းက နားနှစ်ဖက်ကိုပိတ်ပြီး တတွတ်တွတ်ပြောလဲ ဒါက ယင်းကိုအနှောင့်အယှက်ဖြစ်စေပုံမပေါ်။ သူက စာအုပ်ကို ပေါင်ပေါ်ကျကျနနတင်ပြီး လင်းနားမလည်တဲ့ စာလုံးတွေကို သူတစ်ယောက်ပဲနားလည်သလို လေအေးအေးနဲ့ ဖတ်ပြနေတာကိုမရပ်။

"ဒါပေမယ့် မထင်မှတ်ထားစွာပဲ မင်းသားလေးက နိုင်ငံရဲ့တောအုပ်အစွန်မှာနေတဲ့ စုန်းမလေးနဲ့ မေတ္တာမျှမိကြတယ်။ စုန်းမလေးက အရင်က လူတွေကို ဒုက္ခပေးလွန်းလို့ဆိုပြီး အားလုံးက မုန်းကြတယ်တဲ့။"

"ငါနားမထောင်ချင်ဘူး"

ယင်းအသံကိုများ တားဆီးပိတ်ဆို့နိုင်မလားလို့ ခေါင်းကိုလက်မောင်းအောက်ထဲဖွက် ဒူးနှစ်လုံးကြားထဲညှပ်ပြီး လူကို ဘဘောလုံးတစ်လုံးလို ကွေးထားလိုက်သည်။ ယင်းက လင်းကိုတမင်နှိပ်စက်နေတာ။ ဒီပုံပြင်ကို လင်းအမုန်းဆုံးမှန်းသိရက်နဲ့ အပြစ်ပေးတဲ့အနေနဲ့ ဖတ်ပြနေတာ။

"ဘုရင်ကြီးနဲ့တိုင်းသူပြည်သားတွေက ဘယ်လိုပဲ တားပေမယ့် မင်းသားလေးက ပြောစကားနားမထောင်ပဲ စုန်းမလေးနဲ့အတူ ထွက်သွားပြီး ပျောက်ကွယ်သွားတယ်တဲ့"

ပုံပြင်ကို ဒီမှာရပ်လိုက်ပါတော့ အဆုံးသတ်လိုက်ပါတော့လို့ လင်းဆုတောင်းနေလဲ ယင်းရဲ့စာဖတ်နေတဲ့အသံက ရပ်တန့်မသွား‌။

"ဒါပေမယ့် သိပ်မကြာခင်မှာပဲ တောအုပ်ထဲမှာ ဇာတ်မြှုပ်နေထိုင်တဲ့ မင်းသားလေးဆီကို နန်းတွင်းက တမန်တော်တွေရောက်လာခဲ့တယ်။ မင်းသားလေးရဲ့ ခမည်းတော်က မကျန်းမမာဖြစ်နေလို့ နန်းတွင်းကိုခဏပြန်လိုက်ခဲ့ဖို့တဲ့။ မင်းသားလေးကလည်း သူ့ခမည်းတော် သေလုမြောပါးဖြစ်နေတယ်ဆိုတော့ စုန်းမလေးအတွက်စာတစ်စောင် ချန်ထားပြီး နန်းတော်ထဲ လိုက်သွားသတဲ့"

မျက်ကန်းမြစ်Where stories live. Discover now