U: Part 8

2.8K 230 71
                                    


ကျောက်တုံးတွေခပ်ကြမ်းကြမ်းစီထားသည့် အုတ်တံတိုင်းခပ်ပုပုပေါ် ခြေတင်ထိုင်ရင်း လွင်ပြင်ရဲ့ နေဝင်ဆည်းဆာ အရသာကို အပြည့်အ၀ခံစားနေသည်။ ပန်းနှမ်းခင်းတွေကို ဖြတ်တိုက်လာတဲ့ လေက လင်းဆံပင်တွေကြား ခပ်ကြမ်းကြမ်း ပြေးဆော့သွားသည်။ စားကျက်ကနေ သိမ်းလာတဲ့ နွားတစ်အုပ်ရယ်။ အဆုံးအစမဲ့ လွင်ပြင်ကျယ်တွေနဲ့ တောင်တန်းတွေရယ်။ ဒီမြင်ကွင်းတွေကို သေတ္တာလေးထဲ ထည့်သိမ်းပြီး သတိရတိုင်း ပြန်ထုတ်ကြည့်လို့ရရင် ကောင်းမည်လို့ တွေးမိသည်။ မနက်ဖြန်ရဲ့ ညနေခင်းသည် လက်ရှိထက်ပိုလှနေနိုင်ပေမယ့် လင်းကတော့ အခုအခိုက်တန့်လေးကိုပဲ ကြိုက်သည်။ ပြန်လှည့်လို့မရတော့တဲ့ ဆုံးရှုံးမှုတွေကို ကြုံပြီးတဲ့ နောက်မှာတော့ လင်းအတွက် အသေးအဖွဲလေးတွေက အစ အမှတ်တရ သိမ်းထားလိုက်ချင်တော့တာပဲ။

နှမ်းခင်းတွေကို ဘက်ကနေ မြင်းစီးလာတဲ့ အံ့က လင်းအနားရောက်တော့ ဇတ်ကြိုးသတ်လိုက်သည်။ သူ့နောက်မှာ အပြေးသင်နေတဲ့ မြင်းပေါက်လေး။ အံ့ပြောသလိုပင် အုန်းခွံရောင်မြင်းလေးက အတော်လှသည်။ အခုတော့ ကုန်းတင်ဖို့တောင် ငယ်သေးသည်ဆိုတော့ လင်းစီးနိုင်ဖို့ဆို အချိန်တွေ အများကြီးလိုဦးမည်။ အဲ့ဒီအထိတော့ လင်းလဲ ဒီမှာ မနေနိုင် အံ့လဲ ဒီမှာ ရှိတော့မှာမဟုတ်။

"ဘာတွေ တွေးနေတာလဲ။"

ကိုယ့်အတွေးနဲ့ ကိုယ် ငေးနေသည့် လင်းဘေးမှာ လာရပ်ရင်း ပြုံးပြီးမေးလာတဲ့ အ့ံကို ခေါင်းခါပြလိုက်သည်။ ပြီးတော့ အရှေ့ကို တစ်လှမ်းတိုးပြီး အံ့ခါးကို ဖက်လိုက်သည်။ ဘေးဘီဝဲယာက လယ်ကွင်းတွေထဲ အလုပ်လုပ်နေတဲ့လူတွေရှိမရှိကို ကြည့်ပြီးမှ ရှက်ရီ ရီတဲ့ အံ့ရီသံကိုက လင်းနားထဲမှာ ချိုနေသည်။

"ကိုယ့်မှာ ချွေးတွေနဲ့ လင်း ပေကုန်မယ်။"

အံ့က အဲ့လိုပြောတော့ လင်းက ပိုတိုးပြီး သူ့ရင်ထဲ ပါးအပ်မိသည်။ အ့ံရဲ့ ရှပ်အင်္ကျီပါးပါးက သူ့ရင်ခုန်သံတွေကို လင်းဆီက သိုဝှက်နိုင်လောက်အောင်မထူပါ။ ဒီရက်ပိုင်းမှာ လင်းနဲ့ အံ့ပိုရင်းနှီးလာသည်လို့ ခံစားရသည်။ ကျန်တဲ့ လူတွေနဲ့ ဝေးလာလေလေ အံ့နားကို လင်းပိုတိုးကပ်မိလေဖြစ်မည်။ ဒါပေမယ့် လင်းကံကောင်းတာက အံ့သည် လင်းကို အန္တရာယ်ပြုမည့်သူမဟုတ်။ အနည်းဆုံးတော့ လင်း အဲ့လိုပဲ ယုံကြည်သည်။

မျက်ကန်းမြစ်Where stories live. Discover now