U: Part 2

2.5K 225 7
                                    

"ဖေဖေ့မှာတော့ အားကိုးအားထားပြုဖို့မျှော်လင့်စရာဆို ငါ့သမီး လင်းတစ်ယောက်ရှိတော့တာပဲ။"

လင်းရဲ့ အိမ်ပြန်ရောက်သည့်ည ပထမဆုံး မိသားစု ညစာသည် ဖေဖေ့ရဲ့ ယင်းအပေါ်မကျေနပ်ချက်တွေကို ဖောက်ခွဲရာ ကာလတစ်ခု ဖြစ်မှန်းမသိဖြစ်နေသည်။

ကျယ်ဝန်းသည့် ထမင်းစားခန်းရဲ့ မီးရောင်အောက်တွင် တောက်ပနေသည့် ကျွန်းစားပွဲထိပ်မှာ အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ ဖေဖေထိုင်နေခြင်းသည် တစ်နှစ်နေမှ တစ်ခါ ကြုံတောင့်ကြုံခဲဖြစ်သည်။ ဒါပေမယ့် ထို ကြုံတောင့်ကြုံခဲ အချိန်တိုင်းသည် လင်းနှင့် ယင်းကို မသက်မသာ စိတ်ဒုက္ခအပေးနိုင်ဆုံး အချိန်များဖြစ်သည်။

ဖေဖေ့ ညာဘက်မှာ ထိုင်နေသည့် မေမေမြိုင်သည်လည်း ယင်းကို စိတ်မဆိုးလျှင်တောင်မှ နဒီ့ကို အဖက်လုပ်ချင်ပုံ မပေါ်။ စကားတစ်ခွန်းမှမဆိုပဲ ခပ်မဆိတ်ပဲ ထိုင်နေသည်။

ယင်းကတော့ ဖေဖေ ပြောသမျှ စကားတိုင်းသည် သူ့ကို ဦးတည်တာမဟုတ်သလို ဘာမှမဖြစ်သလို ဟန်ပန်နှင့် ထမင်စားမပျက်။ ဒါပေမယ့် လင်းတကယ်တမ်း အံ့သြတာကတော့ နဒီ့ကို ဖြစ်သည်။ မျက်နှာပြောင်လွန်းတာလား အကြောမာလွန်းတာလား ခွဲခြားရခက်အောင်ပင် နဒီသည် သူမကိုမလိုလားသည့် မေမေမြိုင်နှင့် လင်းကို ရှိတယ်တောင်မမှတ်။ ထမင်းစားမပျက် အရီအပြုံး မပျက်သည့် နဒီ့ကို ကြည့်ရင်း လင်းစားလက်စ ထမင်းကို ဆက်စားချင်စိတ်တောင်မရှိတော့။

"ယင်းရဲ့ မင်္ဂလာဆောင်ပြီးရင်တော့ လင်းက ဖေဖေတို့နဲ့ မြို့လိုက်ခဲ့ပေါ့။ ဟိုမှာ ဝိုင်ချက်စက်ရုံတွေ ပိုးချည်စက်ရုံတွေ အုပ်ချုပ်ဖို့လိုက်လေ့လာပေါ့။ ဒီက လက်ဖက်ခင်းတွေ တောင်ယာနဲ့ နွားခြံတွေတော့ ယင်းပဲ ဆက်အုပ်ချုပ်လိမ့်မယ်။ ဒီလောက်တော့ သူ လုပ်နိုင်မှာပါ။"

အမှန်ကတော့ ဖေဖေ့စကားသည် လင်းနဲ့ ယင်း ဆက်ခံရမည့် အမွေပမာဏကို ခွဲပြလိုက်သလိုဖြစ်နေသည်။ ယင်းဘက်က တုန်လှုပ်ပုံ မပေါ်ပေမယ့် နဒီက နည်းနည်း မျက်နှာပျက်သွားသည်။

"လင်း လုပ်နိုင်မှာပါ။ လင်းကတော်ပါတယ်။"

ယင်းသည် ကလေးငယ်တစ်ယောက်လို အပြစ်ကင်းစွာ လင်းကို ပြုံးကြည့်ပြီးပြောပေမယ့် လင်း နည်းနည်းမှ သည်းမခံနိုင်ပါ။ မည်သို့ပင် ယင်းဟန်ဆောင်ကောင်းနေပေမယ့် သူ့ရင်ထဲမှာ နာကြင်နေမယ်ဆိုတာကို လင်း ခံစားသိနေသည်။ လင်းနှင့် ယင်းဆိုတာ ရင်ဘတ်ခြင်း စိတ်အာရုံခြင်း ဆက်သွယ်နေတာပဲ။

မျက်ကန်းမြစ်Where stories live. Discover now