U: Part 6

1.8K 183 11
                                    


မိုးလဲမရွာ လေလဲ မတိုက်။ အိုက်စပ်စပ်နိုင်လှသော နွေအကုန် မိုးအကူးရာသီဥတုက လူကို အတော်ဒုက္ခပေးသည်။ လူကချွေးထွက်လည်း အရမ်းသန်လာသလို ၀မ်းဗိုက်အောက်က တစ်ခုခုဆွဲထားသလို ခံစားချက်က မသက်မသာနှင့် စိတ်ဒုက္ခအတော်ပေးသည်။ ပြီးတော့ ဝမ်းဗိုက်ထဲက သတ္တဝါက အထဲကနေ နဒီ့ရဲ့ ခွန်အားတွေ အကုန်လုံးကို စုပ်ယူနေသလို ခံစားရသည်။ ကုတင်ဘေးက စားပွဲပေါ်မှာ အသင့်ထားသည့် ရေတကောင်းထဲက ရေကိုငှဲ့သောက်ပြီးမှ ခဏနေ ဆီးပြန်သွားချင်ဦးမယ်ဆိုတာ တွေးမိပြီး နောင်တရသလိုလို။ ကုတင်ဘေးက နေရာလွတ်ကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ သူရှိမနေတာက နဒီ့အတွက် စိတ်သက်သာရာ ရစေသလို တစ်ဖက်ကလဲ စိတ်ပူစေသည်။

မနေ့က လင်းနဲ့ စကားများပြီး တစ်ခါ အိမ်ပြန်လာတဲ့ ယင်းနဲ့ စကားများရပြန်သေးသည်။ လင်းက ခက်ထန်မာကြောသလို တစ်ဖက်သားစိတ်ကို ထိခိုက်နာကျင်အောင် ပြောတတ်သည် ဆိုလျှင် အပေါ်ယံ ပျော့ပျော့လေးနှင့် ယင်းက လူကိုရော စိတ်ကိုပါ ညှဉ်းပန်းနှိပ်စက်တတ်သည့်လူလို့ ပြောရမည်။ ဒီတော့ မျက်လုံး နှစ်လုံး ဖွင့်ဖွင့်ချင်းမှာ ယင်းကို မတွေ့ရတာလဲ ခပ်ကောင်းကောင်း။ ဒါပေမယ့် ယင်းကို တစ်ယောက်ထဲလည်း လွှတ်မထားရဲ။ လင်းပြန်လာတော့မယ်ဆိုကတည်းက ယင်းပုံစံတွေ ပြောင်းပြီး တဖြည်းဖြည်း အမူအယာတွေ ပျက်နေတာကို ဘယ်လိုမှ တားမရ။ မင်္ဂလာပွဲ မြန်မြန်ပြီးလို့ လင်းပြန်သွားဖို့ကိုပဲ တစ်ချိန်လုံး ဆုတောင်းနေမိသည်။

နောက်ကျောတောင့်နေတာကို သက်သာလို သက်သာငြား ခါးကို ဖြည်းဖြည်းပွတ်ပြီး ကုတင်ပေါ်မှာ မဆင်းပဲ ထိုင်နေမိသည်။ အောက်ဆင်းပြီး မနက်စာစားဖို့ အချိန်တန်ပြီမှန်းသိပေမယ့် အဲ့ဒီမောင်နှမနှစ်ယောက်ကို မျက်နှာချင်းမဆိုင်ချင်။ သူတို့မောင်နှမ နှစ်ယောက်ကြားမှာ နဒီက အမြဲတမ်း လူယာတ်မာ ဗီလိန်ပဲ ဖြစ်နေရတာမို့ အဆင်ပြေအောင်လဲ မကြိုးစားချင်တော့။  နည်းနည်းနောက်ကျမှ ဆင်းမယ် လို့ ဆုံးဖြတ်ပြီး ဆက်ထိုင်နေမိသည်။

ပြတင်းပေါက်အမြင့်ကြီးတွေရှိနေပေမယ့် လိုက်ကာထူထူတွေကြောင့် အခန်းက အလင်းကောင်းကောင်းမ၀င်ပဲ မှောင်နဲ့ မည်းမည်း။ ယင်းက အခန်းထဲမှာ အလင်းစူးနေရင် မကြိုက်တာကြောင့် လိုက်ကာထူထူတွေတပ်တာကို ဘယ်လိုမှလဲ တားလို့မရ။ ဒါပေမယ့် မနေ့ညက ငိုထားသည့်အရှိတွေနဲ့ နားထင်နှစ်ဖက်က တစ်ဆစ်ဆစ်ကိုက်နေတုန်း။ ယင်းမကြိုက်တာသိပေမယ့်လည်း သူမရှိတုန်း လိုက်ကာဖွင့်မယ်လို့ ကြံစည်ပြီး အနားစကို ဆွဲလိုက်မှ လိုက်ကာနောက်မှာ လူတစ်ယောက်ရှိနေတာကို သတိပြုမိသည်။

မျက်ကန်းမြစ်Where stories live. Discover now