Part 13

31.1K 2.7K 93
                                    

Unicode

"ဆရာလေး ပန်းတွေ ယူသွားပါဦး.. "

အင်္ကျီ မပါ ပုဆိုး ခါးတောင်းကျိုက်ထားသော လူကြီး က ပန်းစည်းကြီးကို တစ်ဖက်ကကိုင် ဆီးသီးပုံးကြီး တစ်ဖက်ကဆွဲကာ ပြေးလိုက်လာသည်။

"မပြေးလာနဲ့ ဦးလေးရယ်.. ချော်လဲပါဦးမယ်.."

လရောင်ဝေး၏ အပြောကို ထိုလူကြီးက ဂရုမစိုက်ဘဲ ဆက်ပြေးလာနေသည်။

"ဆရာလေးက အဲဒီလိုပဲ ပေးတာမယူဘဲ ထွက်ထွက်ပြေးတတ်တော့ ကျုပ်က လိုက်ဖမ်းရတာပေါ့ဗျ.."

ထိုလူကြီးက ရယ်ရင်း ပန်းများနှင့် ဆီးသီးပုံးကြီးကို ကိုလရောင်၏ ဆိုင်ကယ်ပေါ်သေချာ တင်ပေးပြီး ကြိုးချည်ပေးနေသည်။

"ကျွန်တော်က ဦးလေးတို့ကို အားနာလို့ပါ.. လူနာလာကြည့်ပေးတာက နည်းနည်း ပြန်ယူသွားတာက များများ ဖြစ်နေတော့.."

"အမယ်လေး.. ဒီပန်းတွေ ဆီးသီးတွေများ .. မြို့ထဲမယ်သာ စျေးကြီးတာ..ကျုပ်တို့ဆီမယ် တပုံကြီး အလကားပေးတောင် ယူမယ့်သူ မရှိဘူး..ဆရာလေးမို့သာ ယူတာ.."

ထိုလူကြီး၏ ပွင့်လင်းလှသော စကားကြောင့် လရောင်ဝေး ရယ်မိပြန်သည်။ ထိုလူကြီး နောက်မှာ မျက်စိတဆုံးပန်းခင်းကြီး ။ ဂန္ဓမာတွေ အဖြူတွေ အဝါတွေ ပြီးတော့ မေမြို့ပန်းတွေက လေယူရာ ယိမ်းနေကြသည်။

လရောင်ဝေး၏ အစိုးမရသော စိတ်က ထိုပန်းခင်းကြီးကိုတွေ့လျှင် မရိုးနိုင်အောင် မငြီးငွေ့နိုင်အောင် ဓာတ်ပုံရိုက်တတ်သူတစ်ဦးဆီ လှစ်ခနဲပြေးသွားသည်။ သူစိတ်ကိုသူ ထိန်းဖို့ မမီလိုက်ချိန်လေးမှာပင် သူ့မျက်လုံးထဲတွင် ထိုကောင်လေး ပန်းခင်းကြီးထဲ ပြေးလွှားနေသည့်ပုံများက ပြတ်ပြတ်ထင်ထင် ပေါ်လာသည်။

ထိုကောင်လေး က တစ်ယောက်တည်း Selfie ရိုက်ချင်ရိုက်မည်။ လရောင်ဝေးကို ခေါ်ပြီး သူ့ပုံတွေကို ရိုက်ခိုင်းချင်ရိုက်ခိုင်းလိမ့်မည်။ ဒါမှမဟုတ် လရောင်ဝေးကို ပန်းခင်းထဲ ဆွဲချပြီး အတင်းဓာတ်ပုံ ရိုက်ပေးလိမ့်မည်။ ဒါမှမဟုတ် သူတို့နှစ်ယောက်တွဲပုံတွေ.. ထိုပုံတွေထဲက တစ်ပုံက သူ့ Laptop desktop background အဖြစ် ခုထိရှိနေသေးသည် မဟုတ်လား...

သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ  (သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ)Where stories live. Discover now