Part 14

29.7K 2.6K 115
                                    

Unicode

ထက်သူတစ်ယောက် ကျယ်လောင်သော ဖုန်းသံကြောင့် လန့်နိုးသွားသည်။ အချိန်ကြည့်တော့ ညဆယ့်နှစ်နာရီကျော်နေပြီ။ ဖုန်း မျက်နှာပြင်မှာပေါ်နေသာ ခေါ်ဆိုသူအမည်က "ကိုလင်းမြတ်သစ်"

ထက်သူဖုန်းကို ကိုင်လိုက်ပြီး ဟယ်လိုတောင် မပြောရသေး လင်းမြတ်သစ်က "အိမ်အပြင်ခဏ ထွက်ခဲ့" ဟုဆိုသည်။

"ငါ မင်းအိမ်ရှေ့ရောက်နေတယ်.." လင်းမြတ်သစ် စကားကြောင့် ထက်သူ ပြတင်းပေါက်အပြင်ကို ကြည့်လိုက်တော့ တကယ်ပဲ လင်းမြတ်သစ် ကားလေးက သူတို့အိမ်ရှေ့တွင်ရပ်ထားသည်။

"ဘာလာလုပ်တာလဲ.. ခင်ဗျားဟာ အတော်ရှုပ်တာပဲ.." ထက်သူပြောတော့ လင်းမြတ်သစ် ရယ်သည်။

ထိုအခါမှ ထက်သူ သတိထားမိသည်က လင်းမြတ်သစ်ရယ်သံက တစ်မျိုးဖြစ်နေသည်။ ပုံမှန်လို သူ့ကို စ ချင်သည့် အရိပ်အယောင်မျိုး တက်ကြွသည့် အရိပ်အယောင် သိပ်မရှိ...

"ခဏလေးပဲ ဆင်းလာခဲ့ပါကွာ.."

လင်းမြတ်သစ်လေသံ ထူးဆန်းနေသည်ကို ထက်သူ သတိမထားမိဘဲ မနေနိုင်တော့. .အပေါ်ဝတ်အင်္ကျီ တစ်ထည် ကောက်ဆွဲပြီး အိမ်အပြင်သို့ထွက်လာလိုက်သည်။

ထက်သူခြံတံခါးဖွင့်လိုက်သည်နှင့် လင်းမြတ်သစ်လည်း ကားထဲကထွက်လာသည်။

"ခင်ဗျား ညကြီးမိုးချုပ် ဘာတွေဖြစ်..."

ထက်သူပြောနေစဉ်မှာပဲ လင်းမြတ်သစ်က ခြေလှမ်းကျဲကြီးဖြင့် သူဆီလျှောက်လာပြီး ထက်သူကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

ထက်သူတွန်းပစ်ဖို့ ရုတ်တရက်မေ့လျော့နေချိန်တွင် လင်းမြတ်သစ်က သူ့ကို တင်းကျပ်စွာပွေ့ဖက်ပြီး သူ့ဆံပင်လေးကိုငုံ့နမ်းလိုက်သည်။

"ခင်ဗျား လက်ရဲဇက်ရဲ တအားနိုင်တာပဲ.. လွှတ်ဗျာ.. .."

ထက်သူ သတိရပြီး ရုန်းသော်လည်း လင်းမြတ်သစ်က လွှတ်မပေး..

"ခဏလေးပဲ..ဒီလိုလေးနေချင်တယ်.. မင်းကို တအားသတိရလာပြီး မင်းကလည်း ငါ့နားမှာ မရှိတဲ့ ခုလို အချိန်မျိုးဆို ငါ ဘာတွေးမိလဲသိလား..."

သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ  (သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ)Where stories live. Discover now