Part 15

47.9K 3.3K 164
                                    


Unicode

လင်းမြတ်သစ် တစ်ယောက် အသက်ကို ပြင်းပြင်းရှူလိုက် မှုတ်ထုတ်လိုက်ဖြင့် တံခါးကို ခေါက်ရန် အရှိန်ယူနေသည်။

ဒီနေ့သည် တစ်ပါတ်ပြည့်သောနေ့ဖြစ်သည်။ သူရန်ကုန်မှ ပြန်ရောက်ရောက်ချင်း အင်္ကျီ ပင်မလဲနိုင်။ ထက်သူဆီမှ အဖြေကို ယူရန် ယခု ထက်သူ အိမ်ရှေ့ကို ရောက်နေတာ ဖြစ်သည်။

သူတံခါးကိုခေါက်ရန် လက်အမြောက်တွင် တံခါးပွင့်သွားသည်။ ဖွင့်သော သူက ထက်သူတော့ မဟုတ်...

"ဟုတ်ကဲ့ အန်တီ.. ကျွန်တော် ထက်သူ ဆီလာတာပါ.. သူ့ သူငယ်ချင်းပါ.."

သူပြုံးပြရင်း မိတ်ဆက်လိုက်သည်။ မျက်လုံးကတော့ အန်တီကြီးကို ကျော်ပြီး အိမ်ထဲတွင် ထက်သူကို တွေ့လိုတွေ့ငြား ရှာနေမိသည်။ သူ.အရမ်းလွမ်းနေပြီလေ..

"ထက်သူက တောင်ကြီးကို ပြောင်းသွားပြီကွယ့်.."

ယခုမှ သူ့မျက်လုံးက ထိုအန်တီကြီးဆီသို့ လုံးလုံးလျားလျား ကျရောက်သွားသည်။

သူ မယုံနိုင်.. ယုံစရာအကြောင်းလည်း မရှိ..

မနေ့ကညကတောင် သူ ထက်သူကို ဂစ်တာတီးပြီး သီချင်းဆိုပြခဲ့သေးသည်။ သူ အဖြေလာတောင်းမည် ဖြစ်ကြောင်းလည်း သတိပေးခဲ့သေးသည်။

ထက်သူကတောင် နေကောင်းအောင်နေဖို့.. အလုပ်ကြိုးစားဖို့.. နောက်ဘွဲ့တွေ ထပ်ယူဖို့ ပြောခဲ့သေးသည်မဟုတ်လား..

ဟင့်အင်း..ပြန်တွေးကြည့်တော့ အဲဒီစကားတွေက နှုတ်ဆက်စကားတွေလိုလို..

"ထက်သူ ဘယ်လိုဖြစ်တယ်ရယ် မသိပါဘူးကွယ်... ကျောင်းမှာ အဆင်မပြေဘူးပြောတယ်.. ပြီးတော့ ငိုငိုယိုယိုနဲ့ သူ့ကို တောင်ကြီးဆေးကျောင်းကို ပြောင်းပေးပါတဲ့.. အဲဒီမှာ အန်တီတို့ အမျိုးတွေလဲရှိတော့ သူအဲဒီမှာနေမယ်တဲ့.. " အန်တီကြီး က သက်ပြင်းချရင်း သူ့ကို ပြောပြနေသည်။ "တစ်နေ့လုံးငိုငိုနေတာ.. အဲဒါနဲ့ အန်တီတို့လည်း စိတ်ပြေလက်ပျောက် ပေးသွားလိုက်တာ.. မနေ့က ညကားနဲ့ပဲ ထွက်သွားတယ်..."

"အဲဒါနဲ့ သားက ဘယ်သူ...."

"လင်းမြတ်သစ်ပါ..." သူဖြေသာဖြေလိုက်ရသည်။ သူ့စိတ်က ထက်သူ ထိုသို့ဖြစ်ရခြင်း အကြောင်းအရင်းကို သာ စဉ်းစားနေမိသည်။

သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ  (သူဖန်ဆင်းတဲ့ ကျွန်တော့်ဖူးစာ)Where stories live. Discover now