ဒီနေ့ ကျွန်တော်တို့ တစ်အိမ်လုံး အလုပ်ရှုပ်နေကြတယ်...။ အကြောင်းက ဟိုဘက်ခြံက မေမေအေး ...ကိုယ်ဝန်လစေ့နေ့စေ့ပြီဖြစ်၍ ဆေးရုံတွင် ခွဲမွေးတော့မည်ကြောင့်ပင်။ ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ် ဟိုးး..အဘိုးအဘွားတွေ လက်ထက်ကတည်းက ခင်မင်ရင်းနှီးလာခဲ့သဖြင့် ဆွေမျိုးအရင်းထက် ပိုသည်ဟုပင်ဆိုရပေမည်။
လအတန်ကြာကတည်းက တဖြည်းဖြည်းနဲ့ လုံးဝန်းပြည့်ဖောင်းလာသော မေမေအေး ၏ဗိုက်ထဲတွင်...ကျွန်တော့်အတွက် ညီလေး ရှိသည်..တဲ့။မေမေအေးရဲ့ဗိုက်လေးကို ထိထိပြီး အမြဲလိုလို ညီလေးနဲ့ စကားပြောနေခဲ့ရတာ အခု ညီလေးက အပြင်ရောက်လာတော့မယ်။တစ်ဦးတည်းသောသား ကျွန်တော့်အတွက် ...အဖော်ရပြီလေ။
အိပ်ခန်းထဲက ...အမွှေးပွ ယုန်ရုပ်ကလေးကို ကောက်ယူ....လက်တစ်ဖက်က. .. ဝက်ဝံရုပ်ကို လှမ်းယူနေစဉ်...." သား...အလင်း ရေ.....သူရိန်လင်း...လာ..ဆင်းခဲ့တော့ လေ...မေမေအေး ဆီသွားမယ်လေ.. "
အောက်ထပ်က မားအသံကြောင့် အရုပ်နှစ်ရုပ်ကို ပွေ့ကာ ဆင်းလာခဲ့သည်။အောက်ရောက်တော့ မားမားက
" ဆေးရုံသွားမှာလေ သားရဲ့...အဲ့အရုပ်တွေ မယူခဲ့နဲ့လေ... "
" မားပဲ ကလေးလေးထွက်လာပြီဆို....သား ကညီလေးနဲ့ ကစားမလို့လေ... "
" အမလေး...သားရယ်...သား ညီလေးက ခုမှ မွေးထားတာလေ...မကစားတတ်သေးဘူးလေ....နော်..အဲ့ရုပ်တွေ ထားခဲ့... "
" မရဘူး...ယူခဲ့မှာ...သား..ညီလေးကို ပေးမှာ... "
"ကဲပါ...ယူချင်လည်း ယူခဲ့တော့..လာ သား ဟိုမှာ ပါးပါး စောင့်နေပြီ"
ဆေးရုံရောက်တော့... မေမေအေး က ကုတင်ပေါ် မှာလှဲအိပ်နေပြီး...ကလေးကို နို့တိုက်နေသည်။
" ဟော..မမ... အလင်းကိုပါ ခေါ်လာတာလား....ကလေးကို ဆေးရုံမခေါ်ခဲ့ပါနဲ့ဆို မမ ရာ.. "
" ရှင့်သားတော်မောင်ကလေ....သူ့ညီလေးကို တွေ့ချင်လို့...ကစားဖို့ လိုက်လာတာတဲ့.... "
" အလင်း..သား..လာ မေမေအေး အနား.... "
မေမေအေးက..သူ့ကို ပွေ့ဖက် ရင်း
"တွေ့လား..ဒီမှာ သားညီလေး... "
မေမေအေး..ရင်ခွင်ထဲက..နီတာရဲပေါက်စလေးက....နို့စို့ပြီး ပြန်အိပ်နေသည်ထင်ပါ့။ပါးစပ်ကလေးက...ဟစိ..ဟစိနဲ့....အသည်းယားစရာလေး...။အလင်း...ကလေးရဲ့ပါးကို...လက်ညှိုးလေးနဲ့ ထိကြည့်သည်။ အိစက်စက်ပါးပြင်ဘေးထဲ နစ်ကနဲ မြုပ်သွားသည်။ ကလေးလေး နာမှာစိုးသဖြင့် ပြန်ခွာလိုက်စဉ်....ကလေးက မျက်လံးပွင့်လာသည်။ တလဲ့လဲ့တောက်နေသော ကလေးရဲ့မျက်ဝန်းတွေက....အရမ်းလှလွန်းသည်။
" မေအေး....သား.ညီလေးက ချစ်ဖို့ကောင်းတယ်နော့... "