Love is love
P(9)
ထမ့်စမ်းဂူ အသွားလမ်းမှာ....အကွေ့အဝိုက်တွေ များပြီး ...တော်ရုံကားမမူးတတ်သူများပင်...မူးဝေတတ်ကြသည်မို့...အလင်း.. ကလေးနှစ်ယောက်ကို ဂရုတစိုက်ကြည့်နေရသည်။ သံပုရာသီးတစ်လုံးစီ လက်ထဲ ထည့်ထားပေးပြီး...ကြွပ်ကြွပ်အိတ်ကလည်း အသင့်ဆောင်ထားရသည်။ လမ်းတစ်ဝက်မှာပင် ကောင်းကောင်းက မူးပြီး အန်ပစ်ကာ ..ဂူသို့ရောက်သည်အထိ အလင်းရဲ့ ရင်ခွင်ခဲမှာပင် မှီအိပ်လာသည်။ ဂူသို့အရောက် ကားပေါ်က ဆင်းသည်နှင့် ဇေလင်း ပြေးအန်တော့သည်။အလင်းလည်း ကောင်းကောင်းကို သူ့ဦးငယ်ဆီလွှဲပေးခဲ့ပြီး ဇေလင်းနောက် လိုက်ရပြန်သည်။ အမူးပြေသက်သာပြီဆိုမှ ဂူဘက်ကို ဆက်လျှောက်ကြသည်။ပန်းပင်တွေကို စနစ်တကျ စိုက်ပျိုးထားသော လမ်းလေးထက် ဇေလင်းနှင့်ကောင်းကောင်း တစ်ယောက်တလှည့် ပုံတွေရိုက်ပေးနေကြပြန်သည်။ စောစောက မူးဝေပျော့ခွေနေခဲ့သည်မှာ သူတို့မဟုတ်သည့်ဟန်...။ ဂူအဝင်ဝရောက်တော့ ကလေးနှစ်ယောက်လုံးနှုတ်ဖျားမှ တအံ့တသြ အသံတွေထွက်လာသည်။ အံ့လည်းအံ့စရာပင်..။သဘာဝအလျောက်ဖြစ်တည်နေသော ထုံးကျောက်ဂူ၏အဝင်ဝတွင် ထုဆစ်ထားခြင်းမဟုတ်သော သမင်ပုံက လှပစွာ။ အခြားအကောင်လေးတွေရဲ့ပုံတွေလည်း ပေါ်နေသည်။ ရှေ့မှ ပြေးသွားသော ကလေးတွေကို သူရိန်က မနည်းလိုက်ထိန်းနေရသည်။ပုံတွေရိုက်လိုက် ...စိမ့်ရေတွေနဲ့ဆော့ကစားလိုက်....ဘယ်လိုမှထိန်းမနိုင်သော မျောက်လောင်းလေးနှစ်ကောင်....။ပုံမှန်အချိန်ဆို ရင့်ကျက်သလိုရှိသော ဇေလင်းမှာလည်း ကောင်းကောင်းနဲ့ပေါင်းမိပြီးသောင်းကျန်းနေသည်။ဂူတစ်ဝက်ကျော်ကျော် လောက်မှာ လူလုပ်ထားသော ညောင်ပင်နှင့် အပင်အောက်တွင် သပ္ပါယ်စွာတည်ရှိနေသော ဘုရားတစ်ဆူ ဘေးပတ်ပတ်လည်တွင်လည်းတမင်လုပ်ယူထားသော ပန်းပင်တွေ ...ယုန်လေးတွေနှင့် ထိုနေရာတွင်ပင် စိမ့်ရေကပြင်းထန်စွာ အရှိန်ဖြင့်စီးကျနေပြီး မြင်ကွင်းက ပိုပြီးတင့်တယ်နေသယောင်။ ဂူအဆုံးထိ လျှောက်ပြီး တဖြည်းဖြည်း ချင်း ဟိုကြည့်သည်ကြည့်နှင့် ပြန်ထွက်လာခဲ့သည်။ အပြန်မှာတော့ ဟိုပုံး ကို ဝင်ကာ ကိုခန့်အသိတစ်ယောက်အိမ်သို့သွားသည်။ထိုအိမ်မှာ ခဏနားနေပြီး ....ကိုခန့်သူငယ်ချင်းက. အနီးနားပတ်ဝန်းကျင်ကို လိုက်ပြသည်။ ပအို့ တိုင်းရင်းသားတွေရဲ့ ဓလေးထုံးစံတွေကို ရှင်းပြသည်။ ညနေဘက်လောက်မှ တောင်ကြီးကို ပြန်လာခဲ့ကြသည်။တောင်ကြီးကို မဝင်ခင် စူဠာမုနိဘုရားကို အလင်းကလိုက်ပို့ပေးသည်။ အနည်းငယ်မတ်စောက်သောတောင်ကုန်းပေါ်တွင်တည်ရှိနေပြီး....ဘုရားရင်ပြင်ပေါ်မှနေ၍ အောက်ကိုငုံ့ကြည့် လိုက်လျှင် တောင်ကြီးတစ်မြို့လုံးကို ဆီး၍မြင်ရသည်။ မှောင်ရီပျိုး စအချိန် မီးရောင်အနည်းငယ်နဲ့ တောင်ကြီးရဲ့အလှက တည်ငြိမ်အေးချမ်းစွာ...။