အပိုင်း-၂၇ ၊ ၂၈

768 73 0
                                    

ကိုယ့်အတွက် အရာရာ.. (အပိုင်း-၂၇)
+++++++++++++++++++++

   'အဲ့တာက အမှန်တရားပဲ.. မင်းသားကို မသိစေချင်လို့ သောက မပြောပေမယ့် မင်းသားနဲ့ တိုက်ရိုက်ပတ်သတ် နေတော့ ငယ်က လာပြောပြတာပါ'

   'မင်းက သူ့ညီမ အရင်းလား..'

   ပြောပြနေတာက တစ်မျိုး..၊ မေးလိုက်တာက တခြား ဆိုတော့ ငယ့် မျက်နှာလေး မဲ့ကျသွားသည်။

   သူနဲ့ကိုဇော အလုပ်တွဲလုပ် ကတည်းက သူမက ရိုက်ကွင်းသို့ မလာတော့ပဲ နောင်နောင်နဲ့သာ လွတ်တတ်သည်။ သူမဘယ်လို လေ့ကျင့်ပေးထားလဲတော့ မသိပေမဲ့ နောင်နောင်က အလုပ်ကို အထစ်ငေါ့မရှိ လုပ်တတ်နေပြီ။
   ဖွင့်ပြောလိုက်ကတည်းက သူမနဲ့ ခပ်တန်းတန်း ဖြစ်သွားတာကို ရိပ်မိပေမဲ့ ပြောမိတာကို ရုပ်သိမ်းဖို့တော့ စိတ်ကူးမရှိခဲ့..၊
   ဖွင့်မပြောတော့ သူမက မသိချင်ယောင်ဆောင် နေလို့ ဝေးကွာ ရတော့မယ် ဆိုပြီး တနှုံ့နှုံ့..၊ ဖွင့်ပြော လိုက်တော့လည်း သူ့မှာ သူမမျက်နှာလေးကိုပဲ ငေးကြည့်ရင်း ဘာများ ပြန်ပြော လာလေမလဲလို့ တမျှော်မျှော်..၊

   'အရင်းတော့ မဟုတ်ပါဘူး.. တစ်အိမ်တည်း အတူနေတဲ့ ညီအစ်မတွေပါ..'

   ဘာလဲဟ လို့ တွေးမိပြီး ထပ်မသိချင်တော့ တာမို့ စကားစဖြတ်ရန်သာ တွေးလိုက်မိသည်။

   'ဆောရီး.. ကျွန်တော်က သူနဲ့ ပတ်သတ်လာရင် မသိတာ များလို့ပါ ဒီကိစ္စ ဒီလိုရှိတယ် ဆိုတာလည်း ကျွန်တော် မသိဘူး.. ပြောပေးတဲ့သူ ဘယ်သူ ဆိုတာလည်း ကျွန်တော် မသိချင်တော့ပါဘူး.. အခုလို လာပြောပေးတာတော့ ကျေးဇူးတင်ပါတယ်..'

   မသိချင်တော့ဘူး ဆိုတော့ ငယ်ကလည်း ပြန်ရုံ အပြင်မရှိတော့ အီလည်လည် အပြုံးလေးနဲ့ ထရပ်လိုက်ရပြီး..

   'ငယ့်ကို ခွင့်ပြုပါအုံး..'

   တကယ်ဆို ရိုက်ကွင်းမှာ စကားပြောဖို့ကို ဘယ်သူ့ကိုမှ လက်မခံပေးတော့ပါ..၊ သောကဖြူရဲ့ ညီမဆိုပြီး ရောက်လာလို့ လက်ခံလိုက်ပေမဲ့ ကိုဇောက သူ့အရည်အချင်းကြောင့် လက်ခံတာ မဟုတ်ဘူးလို့ စပြောကတည်းက ဒီကောင်မလေး လွဲနေပြီလို့ ရိပ်မိကာ ဆက်ပြီး စကားပြောချင်စိတ်တို့ ကုန်ခမ်းသွားရတာ..၊

ကိုယ့်အတွက် အရာရာNơi câu chuyện tồn tại. Hãy khám phá bây giờ