ကိုယ့်အတွက် အရာရာ.. (အပိုင်း-၁)
++++++++++++++++++++ကားလမ်းဘေးမှာ ဆိုပေမဲ့ မိုးစက်တွေ ဆင်းကျလုလု မိုးကောင်းကင် အောက်ရှိ သူမကို ကားပေါ်ကနေ တစ်ချက်ငုံ့ကြည့်လိုက်မိသည်။ ဒီနေရာက သူမနဲ့စတင်ဆုံဆည်းခဲ့သော နေရာလေး..၊ အခုတော့ သနားသဖြင့်ဖြစ်စေ..၊ အကြောင်းရင်း တစ်ခုကြောင့်ဖြစ်စေ.. ပြန်လည်ခေါ်ဆောင်ဖို့ မရှိတော့သော..၊
မိုးဖွားလေးတွေက ကိုယ်ပေါ်သို့ အကြင်နာမဲ့စွာ ဆင်းကျလာ၏။ ဆင်းလို့ပြောပြီး တစ်ယောက်တည်း ဒီနေရာမှ ဆင်းခိုင်းခြင်းက သူမကို ထားရစ်ခဲ့တော့မည်မှန်း နားလည်သည်။
ထားရစ်ခဲ့ခြင်းက မင်းသားအတွက် မထူးဆန်းတော့သလို..၊ စွန့်ပစ်ခံဆိုတာကလည်း သူမအတွက် သိပ်မထူးဆန်းတော့ပါ၊ မိခင်က လောကအလယ်မှာ တွယ်တာရာမဲ့စွာ ချန်ရစ်ခဲ့ပြီး ဖခင်ကျတော့ မကြင်နာလိုသူက ဝမ်းနှင့်လွယ်ပြီး မွေးခဲ့တာမို့ သမီးအဖြစ်မသတ်မှတ်လိုခြင်းတွေနဲ့..၊
ကျင်လည်ခဲ့တဲ့ အသိုင်းဝိုင်းကလည်း မိမရှိ ဖမဲ့မို့ ပြစ်ပယ်သည်။ ပထမဦးဆုံး အလုပ်ရှင်လည်းဖြစ် ပထမဆုံးချစ်သူလည်းဖြစ်သော မင်းသားကလည်း ဒီလိုအပြုအမူနဲ့..၊
သူမအတွက် ပြောစရာစကားတစ်ခွန်းပဲ ကျန်ရစ်မည်ထင်ပါသည်။ ရိုးနေပြီမို့.. မငိုတတ်တာလည်း ကြာပြီ။'သော်.. မင်း ဒီမှာပဲနေခဲ့လိုက်တော့ ငါတို့.. ပတ်သတ်စရာ.. မရှိတော့ဘူး´
မင်းသားရဲ့ စကားသံ တိုးတိုးလေးက သူမနားထဲတွင် သံရည်ပူနဲ့ လောင်းလိုက်သလို ပူရှိန်းစူးရှစွာ..၊ သို့သော် မျက်နှာကို အတတ်နိုင်ဆုံး ပင့်လိုက်ကာ..
'ဒီစကား တစ်ခွန်းကို စောင့်နေရတာ.. မိုးတွေစိုကုန်ပြီ´
သူ့မှာသာ အဲ့စကားတစ်ခွန်းပြောဖို့ မူးမိုက်နေအောင် အားယူလျက် ခက်ခဲစွာ ပြောလိုက်ရသည်။ သူမက သာမာန်စကားတစ်ခွန်းကို ကြားရသလို တည်ငြိမ်စွာ လှည့်ထွက်သွားနိုင်၏။
သူမနဲ့သူ ပြီးဆုံးပြီလို့ ခံစားမိတော့ ရင်ထဲမှာ ဟာသွားသလိုလို..၊
အလွန်တရာ အေးတိအေးစက်နိုင်သော၊ ခံစားချက်တစ်ခုခု မရှိသလို နေနိုင်သော သူမသည် ချစ်သူသက်တမ်း တစ်နှစ်၊ မန်နေဂျာသက်တမ်း သုံးနှစ်အတွင်း သူ့ထံမှ အရာဝတ္ထုတစ်ခုခုဖြစ်စေ စကားတစ်ခုခုဖြစ်စေ ဘာဆိုဘာမှ တောင်းဆိုခဲ့ခြင်းမရှိ..၊
သူမက သူ့ကို တကယ်ချစ်ရဲ့လား ဒါမှမဟုတ် တကယ်မချစ်ဘူးလား ဆိုတာကို တစ်ခါမှ ဝေဖန်ဆန်းစစ်ခြင်း မလုပ်မိသလို သူမကို တကယ်ချစ်ရဲ့လား ဆိုတာကိုလည်း တစ်ကြိမ်မျှ မဆန်းစစ်ဖူးပေ။ လိုမှမလိုတာ ဆိုသည့်အတွေးတို့နှင့် နေတတ်သလို နေခဲ့ခြင်းက သူတို့နှစ်ဦး ဝေးကွာဖို့တွေ ဖြစ်လာခြင်းလား။
'ငါတို့ချစ်သူတွေဖြစ်ရအောင်´ ဆိုတဲ့စကားကို 'မင်းသားသဘောပဲ´ ဆိုတဲ့တုန့်ပြန်စကားနဲ့ ရင်ခုန်ခြင်းမပါ မြတ်နိုးခြင်းမပါပဲ ချစ်သူတွေ ဖြစ်ခဲ့ကြခြင်းအပေါ် ကျေနပ်ခြင်း မကျေနပ်ခြင်းလည်း သူမက ခံစားနေသောပုံစံ တစ်ခုတစ်လေမှ မရှိခဲ့ပဲနဲ့..၊
သူမနဲ့တွဲနေတဲ့ ကာလအတွင်း တခြားမိန်းကလေးတွေနဲ့ ဘယ်လိုအခြေနေ ဖြစ်နေပါစေ သဝန်တိုစကား တစ်ခွန်းမှမပြောဖူးသလို တားဆီးလိုသော အပြုမူတစ်ခုတောင် သူမဆီမှာ မဖြစ်ပေါ်ဖူးပေ။ သူမဆိုတာက အဲ့ဒီလိုလူမျိုး..၊
မိုးစက်မိုးပေါက်တို့က ပြင်းထန်စွာ ကျလာ၏။
သူမသည် မိုးစက်တို့ကြား ငိုကြွေးရပ်တန့်နေမှာ မဟုတ်ဘူးဆိုတာကို သိနေသည့်တိုင် ကားကို ဝေါခနဲ ပြန်ကွေ့ပြီး ခုနကနေရာသို့ ပြန်လှည့်မောင်းလာခဲ့မိ၏။ ကားရပ်ပြီး ဟိုနားဒီနားထိ ဆင်း၍ လိုက်ရှာမိပေမဲ့ သူမ၏အရိပ်ယောက်ကိုမှ မတွေ့တော့ပေ။
KAMU SEDANG MEMBACA
ကိုယ့်အတွက် အရာရာ
Romansaမိန်းကလေး တစ်ဦးက ကိုယ်ချစ်တဲ့သူကို ချစ်တယ် ဆိုတာ.. ဘယ်လောက်ထိ ဘယ်အထိ ပေးဆပ်နိုင်တာလဲ ဆိုတော့.. သောကဖြူ ဆိုတဲ့ မျိုသိပ်နိုင်လွန်းလို့ ခံစားချက်သေသလို ဖြစ်နေတဲ့ မိန်းကလေးဟာ.. သူမှသူ သူပဲ အောင်မြင်ချင်တယ် သူပဲ ရယူချင်တယ် အရှုံးမပေးနိုင်ဘူး ဆိုတဲ့ ရုပ်...