" CANDY RANGERS " အပိုင်း ( ၈)

3.1K 7 0
                                    

" CANDY RANGERS " အပိုင်း ( ၈ ) ဇာတ်သိမ်းပိုင်း

ဇာတ်လမ်း - နတ်သား

ကိုဗညား ဖုန်းချသွားသည်နှင့် နိုင်မျိုးအောင် ကားသော့တွဲကို ကောက်ဆွဲပြီး အပြေးအလွှားကို ဆင်းလာခဲ့သည်။
ရင်ထဲတွင် စိတ်လှုပ်ရှားမှု အပေါင်းနှင့် ပြည့်နှက်နေရာ ကားထဲရောက်လို့ ကားသော့ကို စက်နှိုးပေါက်ထဲ
ထိုးထည့်တာတောင် သေချာ မ၀င်။ လက်က တုန်နေသည်။ သုံးခါမြောက် ထိုးထည့်မှ အပေါက်နှင့် တည့်ပြီး
ဝင်သွားသည်။ အဲဒီနောက်တော့ နိုင်မျိုးအောင်၏ ခြေထောက်တွေက လီဗာပေါ်ကနေ မခွာတော့။ တတ်နိုင်လျှင်
အခုအချိန်တွင် ဟတ်စကီးတစ်စီးလောက် ၀ယ်ပြီး ကိုဗညား ရှိရာ ဂိုဒေါင်သို့ အရောက်သွားလိုက်ချင်သည်။
စိုးမော်ကို ကိုဗညား ဘယ်လို လိုက်ရှာသည် ဆိုတာကို သိချင်သည်။
ဘယ်မှာတွေ့ပြီး ဂိုဒေါင်ထဲ ခေါ်လာခဲ့သည်ကိုလဲ သိချင်သည်။ နောက်ပြီး နော်မိုးဇာ၏ ဓါတ်ပုံတွေ ဘယ်မှာလဲဆိုတာ
သိချင်သည်။ ထို့အပြင် ဒီကောင် ဘာသဘောနှင့် ဒီလိုလုပ်ရတာလဲ သိချင်သည်။ သိချင်သည့် မေးခွန်းပေါင်း
များစွာက သူ့ခေါင်းထဲမှာ ချာချာလည်လည်နေရာ နိုင်မျိုးအောင် ကားကိုသာ ဖိ၍မောင်းနေရတော့သည်။
"ဒေါက် .. ဒေါက် ... ဒေါက် .. "
"ဒေါက် .. ဒေါက် "
ကိုဗညား ဂိုဒေါင်ရောက်လို့ ညွှန်ကြားထားသည်အတိုင်း နိုင်မျိုးအောင် တံခါးခေါက်လိုက်သည်တွင် အထဲကနေ
ခြေသံလိုလို ကြားရသည်။
"ကိုနိုင်မျိုးအောင်လား ... "
ဂိုဒေါင်သံတံခါးဝမှ ပေါ်လာသည့် အသံက နိုင်မျိုးအောင် မသိသော ယောက်ျားတစ်ယောက်၏ ခပ်သြသြ အသံ။
ထွေထွေထူးထူး စဉ်းစားမနေပဲ နိုင်မျိုးအောင် အဖြေပေးလိုက်သည်။
"ဟုတ်တယ် .. ကျနော် နိုင်မျိုးအောင် .. "
"ခနစောင့် .. "
သံပြတ်နှင့် ပြန်ဖြေသံ ကြားလိုက်ပြီနောက် ခေတ္တခဏ ဘာသံမှ မကြား။ ပြီးမှ တကျွီကျွီ အသံ မြည်လာပြီး
ခနအကြာတွင် ပိတ်ထားသည့် တံခါးရွက်တစ်ချပ်က အနည်းငယ် ဟသွားသည်။ ကွာသွားသည့် တံခါးချပ်၏
နောက်တွင် ယောက်ျာကြီးတစ်ယောက်၏ မျက်နှာကို မြင်လိုက်ရသည်။
"လာ .. မြန်မြန်ဝင် "
ဖွင့်ထားသည့် တံခါးရွက်ကြားမှပင် နိုင်မျိုးအောင် အထဲသို့ တိုးဝင်လိုက်သည်။ နိုင်မျိုးအောင် ၀င်ပြီးသည်နှင့်
တံခါးဖွင့်ပေးသည့် လူက သံတံခါးကို ပြန်ပိတ်သည်။ ဂိုဒေါင်ထဲတွင်တော့ ဆန်အိတ်တွေ၊ တခြားပစ္စည်းတွေက
ဟိုနည်းတစ်စု ဒီနည်းတစ်စုနှင့် တောင်ပုံယာပုံ ရှိနေသည်။ ကိုဗညားကို မမြင်။ ထို့အတူ စိုးမော်ဆိုသည့်ကောင်ကိုလဲ
မတွေ့။ မနေနိုင်တော့သည့် အဆုံး တံခါးကို သေချာဂလန့်ထိုး ပိတ်နေသည့်လူကို နိုင်မျိုးအောင် ဖွင့်မေးရသည်။
"ကိုဗညားက ဒီမှာလား .. "
"ဟုတ်တယ် .. ဆန္ဒမဆောနဲ့ ကိုနိုင်မျိုးအောင် .. စိုးမော်ကို ကျုပ်တို့ သေချာစစ်ပြီးပြီ ..
ခင်ဗျားတို့အတွက် အခြေအနေကောင်းပါတယ် .. လာဗျာ .. ကျုပ်နဲ့လိုက်ခဲ့ .. "
လိုတာထက် ပိုမပြောတတ်ပုံ ပေါက်သော မျက်နှာတည်တည်နှင့် ထိုလူနောက်မှ နိုင်မျိုးအောင် လိုက်လာခဲ့သည်။
လူတစ်ရပ်ကျော်ကျော်လောက် အသာလေးမြင့်သည်အထိ ပုံပြီးစီထားသော ဆန်အိတ်တွေက နေရာတိုင်းမှာ
ရှိနေသည်။ ထိုဆန်အိတ်များကြားတွင် လူသွားဖို့ လမ်းလေးရှိသည်။ ရှေ့ကဦးဆောင်ခေါ်သွားသူက ဘယ်ချိုး
ညာချိုးနှင့် နှစ်ကွေ့လောက် လျှောက်ပြီး ချိန်တွင် အနည်းငယ်ကျယ်သော နေရာလွတ်တစ်ခုကို သွားတွေ့သည်။
ထိုနေရာလွတ်၏ အလည်တည့်တည့်တွင် သစ်သားခုံတစ်လုံး ရှိပြီး ထိုခုံပေါ်တွင် လူတစ်ယောက်ကို
လက်ပြန်ကြိုးတုပ်ကာ ချည်ထားသည်။ ထိုလူ၏ ဘေးတွင်တော့ ကိုဗညားကို လက်ပိုက်ကာ
မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
"လာ ကွာ .. မောင်နိုင် .. လာ "
နိုင်မျိုးအောင် အနားသို့ တိုးကပ်သွားရင် ထိုင်ခုံပေါ်တွင် ခေါင်းငိုက်စိုက်ကျကာ မလှုပ်မယှက်ဖြစ်နေသူကို
လှမ်းကြည့်သည်။ မျက်နှာကို မမြင်ရသေးလို့ ဒါ စိုးမော်ဟုတ်လား၊ မဟုတ်လားဆိုတာ မဝေခွဲတတ်။
"ကိုဗညား .. ဒါ .. ဒါ .. "
"ဟုတ်တယ် ... မောင်နိုင် .. ဒီကောင် စိုးမော် .. ငါတို့ သတင်းရအောင် စစ်ထားတာ .. "
ကိုဗညားက ငိုက်စိုက်ကျနေသည့် ခေါင်းကို ဆွဲကာ ထူပြတော့ သတိမေ့နေရှာသည့် စိုးမော်၏ မျက်နှာကို
မြင်လိုက်ရသည်။ ကိုဗညားတို့ ဘယ်လောက်တောင် လက်စွမ်းပြထားသည် မသိ။ စိုးမော် မျက်နှာတစ်ခုလုံးက
ဖူးယောင်ကာနေသည်။ နှုတ်ခမ်းထောင့်တွင်လဲ သွေးစတို့ စွန်းလျှက်ရှိသည်။ သို့သော် ဒါ စိုးမော်ဆိုတာကတော့
နိုင်မျိုးအောင် အသေအချာသိသည်။ ဓါတ်ပုံတွေထဲမှ မျက်နှာကို အလွတ်ရပြီးသား မဟုတ်လား ..။
"ကိုဗညား .. မိုးဇာ ဓါတ်ပုံတွေရော .. နောက်ပြီး ဒီကောင့်ကို ဘယ်လို ရှာတွေ့တာလဲ .. "
"လာကွာ .. ငါတို့တွေ ဟိုဘက်မှာ သွားပြောကြရအောင် ... ဒီကောင့်ကို ကိုရေချမ်းလက်ထဲ အပ်ခဲ့ရအောင် ..
မင်း စိတ်ပူမနေနဲ့ .. အားလုံး အဆင်ပြေသွားလိမ့်မယ် .. "
နိုင်မျိုးအောင် ပခုံးကိုဖက်ပြီး တခြားသို့ ခေါ်သွားသဖြင့် ကိုဗညားနှင့် သူအတူ ပါသွားသည်။ ကိုရေချမ်းဟု ပြောသည့်
လူညိုကြီးနား အဖြတ်တွင် သူတို့နှစ်ယောက်ကို ခေါင်းတစ်ချက် ညိတ်ပြသည်။ စိတ်ချသွား .. သူ
ကြည့်လုပ်ထားလိုက်မယ် ဆိုသော သဘောလား မသိ။ ဂိုဒေါင်၏ နောက်ဘက်ပိုင်းသို့ ကိုဗညားက ဦးဆောင်၍သာ
ခေါ်လာသည်။ သူ့ကို စကားတစ်ခွန်းမှ မပြော။ နိုင်မျိုးအောင်လဲ ဘုမသိဘမသိနှင့် လိုက်လာခဲ့ရသည်။ ရင်ထဲတွင်
သိချင်စိတ်အပေါင်းနှင့် ကျလိကျလိဖြစ်နေရာ တော်တော်လေးကြာတော့ မနေနိုင်တော့။ သူ စမေးမှ ဖြစ်တော့မည်
ဆိုပြီး ပါးစပ်ဟလိုက်ချိန်တွင် ကိုဗညားက သူ့ကို မေးခွန်းတစ်ခု လှမ်းမေးလေသည်။ ထိုအမေးကြောင့် နိုင်မျိုးအောင်
အံ့အားသင့်သွားရသည်။
"အပါနားကို သိတယ် မဟုတ်လား .. မောင်နိုင် "
"ဗျာ .. အပါနား .. ဟုတ်လား .. ဘယ်က အပါနားလဲ ..
နေဦး ကျနော်တို့ ကွန်ဒိုက သန့်ရှင်းရေးသမား အပါနားလား .. "
နိုင်မျိုးအောင် သူ့ မှတ်ဥာဏ်ကို ကောင်းကောင်းကြီး အလုပ်ပေးလိုက်ရသည်။
"ဟုတ်တယ် ... မင်း ပြောတဲ့ အပါနားပဲ .. "
"နေ .. နေပါဦး ဗျ .. သူက စိုးမော် ကိစ္စနဲ့ ဘာဆိုင်လို့လဲ .. နေဦး .. သူက ကြံရာပါလား .. "
"ဖြေးဖြေး .. မောင်နိုင် .. ငါ အစကနေ ရှင်းပြမယ် .. ငါ ရှင်းပြတာ ဆုံးသွားရင်မင်း နားလည် သွားမှာပါ ..
လာ ဒီမှာ ထိုင်ကြရအောင် .. "
ဂိုဒေါင်၏ နောက်ဘက်တွင်တော့ ပစ္စည်းပစ္စယတွေ သိပ်မရှိ။ ကျယ်ပြန့်သော နေရာလွတ်တစ်ခု ရှိနေပြီး
စားပွဲဟောင်းတစ်လုံးနှင့် ပလတ်စတစ် ကုလားထိုင် နှစ်လုံး အဆင်သင့် ရှိနေသည်။ နိုင်မျိုးအောင်နှင့် ကိုဗညား
ခုံတစ်လုံးစီတွင် ၀င်ထိုင်ဖြစ်ကြသည်။
"ဒီလိုကွ .. မောင်နိုင်ရ .. စိုးမော်က ငါတို့ကို အကြပ်ကိုင်တော့ ငါတို့က သူ့နောက်ကိုပဲ လိုက်ခဲ့ကြတယ် ..
ဘာဖြစ်လို့ သူ ဒီလိုလုပ်တာလဲဆိုတာကို သေသေချာချာ အလေးအနက် ထားပြီး မတွေးဖြစ်ခဲ့လိုက်ဘူး ..
စိုးမော်ကိုပဲ သရဲမရဲ လိုက်ရှာနေမိတယ် .. နောက် ရက်နဲနဲ ကြာလာလို့ ငါ ခေါင်းနဲနဲအေးလာမှ
စိုးမော် ဘာဖြစ်လို့ လုပ်ချင်ရတာလဲဆိုတာကို မေးခွန်းထုတ်မိတယ် .. အဲဒီမှာ ငါ တစ်ခု သွားတွေးမိတယ် .. "
"တကယ်တမ်း Candy Rangers ဆိုပြီး အဖွဲ့ ဖြစ်လာဖို့ လုပ်ကြတာ အားလုံးပဲ.. မင်းရော ငါရော မမော်ရော ..
ကောင်မလေးတွေရော .. ဒါပေမယ့် စိုးမော်စာရဲ့  အသွားအလာအရ မင်းကိုပဲ ဦးတည်ပြောနေသလို ခံစားရတယ် ...
အစောပိုင်းတုန်းက ငါက ဒါကို မတွေးမိဘူး .. ငါက အလုပ်ပေါင်းစုံလုပ်နေတော့ ငါ့မှာလဲ မလိုလားသူတွေ၊
မုန်းသူတွေက များတယ် .. ငါ့ကို တွယ်တာလဲ ဖြစ်နိုင်တယ်လို့ တွက်နေတာ .. သေချာ စဉ်းစားကြည့်တော့ ငါ့ကို
ဒီလောက်မဟုတ်ဘဲ မင်းကို တွယ်ချင်တာ များနေတာဆိုပြီး တွေးမိသွားတယ် .. မင်းက ငါ့လို လူမုန်းများတဲ့သူ
မဟုတ်ဘူး .. ဒီတော့ ငါ မင်းနဲ့ အဆင်မပြေဘူးတဲ့ လူတစ်ယောက်ကို သွားသတိရတယ် .. သူများ နောက်ကွယ်က
ခိုင်းတာလားဆိုပြီး ငါ မသင်္ကာဘူး .. အဲဒါနဲ့ ငါလဲ တစ်ဖက်လှည့်နဲ့  ဒီလိုမျိုး လျှို့ဝှက်စုံစမ်းရမယ့် ကိစ္စတွေမှာ
နာမည်ကြီးဖြစ်တဲ့ အရင်တုန်းက နယ်ထိန်းလုပ်ဖူးတဲ့ ရေချမ်းကို ဆက်သွယ်ပြီး ခိုင်းရတော့တာပဲ .. "
"အင်း .. နေပါဦး ကိုဗညား .. ခင်ဗျားက ဘယ်သူ့ကို သံသယ ဖြစ်လို့လဲ .. "
"ဘယ်သူ ရှိရမှာလဲ .. လရောင်ချိုလေ .. "
"ဗျာ !! .. လရောင်ချို ဟုတ်လား .. မဖြစ်နိုင်တာ ဗျာ .. "
ကိုဗညားဆီက စကားကို နိုင်မျိုးအောင် အကြောက်အကန် ငြင်းမိသည်။ နိုင်မျိုးအောင်နှင့် လရောင်ချို
အဖုအထစ်တွေ ရှိခဲ့ပေမယ့် လရောင်ချိုသည် ဘယ်လိုနည်းနဲ့မှ သူ့ကို အရှက်တကွဲ အကျိုးနည်းဖြစ်အောင်
လုပ်မည့်သူ မဟုတ်ဟု နိုင်မျိုးအောင် ယူဆထားသည်။ မှန်ရာကို ပြောရမည်ဆိုလျှင် Candy Rangers အဖွဲ့ကို
စတင်တည်ထောင်တုန်းက လရောင်ချို သူ့အပေါ်ကျောသွားသည်ကို မခံရပ်နိုင်လို့ဟု ဆိုလို့ရနိုင်သော်လည်း
နောက်ပိုင်းတွင် သူ ဒီလိုမျိုး မတွေးဖြစ်တော့ပါ။ တကယ်ကို ကန်ဒီရိန်းဂျားမလေးတွေ အပေါ် သံယောဇဉ်တွယ်ပြီး
အောင်မြင်သွားစေချင်သည့် စိတ်ကသာ အရင်းခံဖြစ်လာသည်။ လရောင်ချို အပေါ်တွင် နာကျည်းချက်တွေ သူ့ဆီမှာ
မရှိတော့။ သူလဲ သူ့လမ်းသူလျှောက်၊ ကိုယ်လဲ ကိုယ့်လမ်းကိုယ်လျှောက်ဟု နိုင်မျိုးအောင် သဘောထားခဲ့သည်။
ထို့ကြောင့် စိုးမော် အကျပ်ကိုင်သည့် ကိစ္စနှင့် ပတ်သက်ပြီး လရောင်ချိုအပေါ်တွင် သူ ဘယ်လိုမှ သံသယ မရှိခဲ့။
ကိုဗညား ဆက်ပြောနေသည်ကို မယုံနိုင်စွာနှင့်ပင် မျက်မှောင်ကုတ်၍ ဆက်နားထောင်နေမိသည်။
"ငါလဲ .. အစကတော့ မထင်မိပါဘူး .. ရေနစ်တဲ့သူတောင် ကောက်ရိုးမျှင်ကို ဆွဲသေးတာပဲ .. ဟုတ်သော်ရှိ
မဟုတ်သော်ရှိ ဆိုပြီး စုံစမ်းခိုင်းလိုက်တာ .. ဒါပေမယ့် ငါဆွဲလိုက်တဲ့ ကောက်ရိုးမျှင်က တကယ်ကို ရှုပ်ထွေးနေတဲ့
ချည်လုံးရဲ့ အစဆိုတာ ရေချမ်းက အပါနားနဲ့ တွေ့ .. သူ့ဆီက သတင်းအစအန ရပြီး ငါ့ကို ပြန်ပြောတော့တာပဲ .. "
"ခင်ဗျားလူ ရေချမ်းနဲ့ အပါနား ဘယ်လိုတွေ့တာလဲ .. ကျနော်တောင် သူအလုပ်ထွက်သွားတာပဲ သိတယ် ..
ဘယ်ရောက်နေလဲဆိုတာ မသိဘူး .. "
"အေး .. မင်းတို့ ကွန်ဒိုကနေ ထွက်သွားပြီး လရောင်ချိုနေတဲ့ ကွန်ဒိုမှာ သန့်ရှင်းရေးအလုပ်သမား အနေနဲ့ပဲ
အလုပ်သွားပြန်ဝင်တာ .. "
"လ .. လရောင်ချိုက ကွန်ဒိုနဲ့ နေတယ် ?? .. "
နိုင်မျိုးအောင် ဒီတစ်ခါတော့ တော်တော်အံ့သြသွားပါသည်။ သူနှင့် လရောင်ချို သိကြတုန်းက သူမသည်
အဒေါ်တစ်ယောက်နှင့် နေနေဆဲ။ အခုတော့ လရောင်ချိုသည် ကွန်ဒိုတွေ ဘာတွေနှင့်။ သူမ ဒီလောက်တောင်
စီးပွားရေးအရ အောင်မြင်သွားမှန်း နိုင်မျိုးအောင် သိမထားခဲ့။
"ကွန်ဒိုနဲ့နေတယ် ဆိုလို့ မင်း တစ်မျိုးဖြစ်သွားတာလား မောင်နိုင် .. အဲဒီ ကွန်ဒိုခန်းက ဘယ်သူ ပေးထားတာလဲ
ဆိုရင် မင်း ပိုအံ့သြသွားဦးမယ် .. "
"ဗျာ .. လရောင်ချိုနေတဲ့ ကွန်ဒိုက တခြားသူ ပေးထားတာ ဟုတ်လား .. "
ကိုဗညားက နိုင်မျိုးအောင် နားလည်အောင် ဆက်ရှင်းပြပါသည်။ အဖြစ်အပျက်က ဤသို့ ဖြစ်သည်။
ကိုဗညား ခိုင်းလိုက်သည့် ကိစ္စနှင့် ပတ်သက်ပြီး ရေချမ်းက လရောင်ချို၏ အသွားအလာကို စောင့်ကြည့်သည်။
တစ်ရက်တွင် လရောင်ချိုသည် ဟိုနားဒီနား ကားလျှောက်မောင်းသလိုနှင့် ဟန်ပြပြီး ကမ္ဘာအေးဘုရားလမ်းပေါ်မှ
ကွန်ဒိုတစ်ခုဆီသို့ ထွက်သွားမှန်း သိလိုက်သည်။ ရေချမ်း နောက်မှ မယောင်မလည်နှင့် လိုက်ကြည့်သဖြင့်
ကွန်ဒိုခန်း တစ်ခန်းကို သော့ဖွင့်ပြီး ၀င်သွားတာ တွေ့သွားရသည်။ ရေချမ်းလဲ ဒါ ထူးခြားမှုတစ်ခုပဲ ဆိုပြီး
ကွန်ဒိုအောက် ပြန်ဆင်းလာပြီး မေးမြန်းလို့ရမည့်သူကို ရှာရသည်။ လုံခြုံရေးကို မေးကြည့်တော့ တော်တော်
အားရစရာကောင်းသည်။ လရောင်ချိုကို ဘယ်သူမှန်းတောင် မသိ (နာမည်ကြီး အဆိုတော်လို့ သိဖို့က ဝေလာဝေး)။
သို့သော် ရေချမ်း ကံကောင်းပါသည်။ သန့်ရှင်းရေး အလုပ်သမား အဖြစ် အလုပ်ဝင်နေသူ
အပါနားနှင့်တွေ့ဖြစ်သွားပြီး သူ သိချင်နေတာတွေ အကုန် သိလိုက်ရသည်။ သူ့အတွက် ပို၍ အကျိုးရှိလိုက်သည်က
အပါနားသည် လရောင်ချိုကို နိုင်မျိုးအောင်နှင့် ပတ်သက်ပြီး သိနေခဲ့ခြင်း ဖြစ်သည်။ အပါနား စိတ်ထဲတွင်
နိုင်မျိုးအောင်နှင့် လရောင်ချိုတို့ကို သမီးရည်းစားလို့ သတ်မှတ်ထားရာမှ လရောင်ချိုသည် ဒီကွန်ဒိုတွင်
သပ်သပ်အခန်းတစ်ခုယူပြီး ဦးညီထွေးနှင့် ချိန်းတွေ့နေခြင်းကို သဘောမတွေ့ခဲ့။
ဒီအမျိုးသမီး လုပ်စားသည်ဟု မြင်မိပြီး လူရိုးလူအေး ဖြစ်သူ နိုင်မျိုးအောင်ကို စိတ်ထဲက သနားနေသေးသည်။
ဘာမဆိုင် ညာမဆိုင် ကြားကနေ၍လဲ မကျေနပ်။ ထို့အတွက်ကြောင့် ရေချမ်းက လရောင်ချိုအကြောင်း
စုံစမ်းသည်တွင် သူ သိထားသမျှ ဖွင့်ပြောပြသည်။
ရေချမ်းအဖို့တော့ အပါနားပြောပြသမျှသည် သူ့အတွက် အဖိုးမဖြတ်နိုင်သော သတင်းပင်။ ကိုဗညားတို့နှင့်
လရောင်ချို ပတ်သက်တာ မပတ်သက်တာကို နောက်ထား တက်သစ်စ အဆိုတော်မလေး တစ်ယောက်၏
လျှို့ဝှက်သော သတင်းဆိုတော့ သူ့အတွက် တစ်ချိန်ချိန်တွင် အသုံးဝင်ချင် ၀င်နေမှာစိုးပြီး
သေချာမှတ်ထားလိုက်သည်။ အရင်နယ်ထိန်းဘ၀တုန်းကလဲ ရေချမ်း ဒါမျိုးတွေနှင့် လုပ်စားဖူးသည် မဟုတ်လား။
လရောင်ချို၏ အသွားအလာကိုလဲ ပို၍တိုးကာ စောင့်ကြည့်သည်။ သိပ်မကြာလိုက်။ တစ်ရက်တွင် လရောင်ချို၏
ကွန်ဒိုကို ရုပ်ဖျက်ပြီး လာသည့် ယောက်ျားတစ်ယောက်ကို သူသတိထားမိလိုက်သည်။ ထိုလူသည် လရောင်ချိုနှင့်
ချိန်းတွေ့နေကြဖြစ်သော ဦးညီထွေးမဟုတ်ပါ။ သူ့အလုပ်ရှင် အသေရရ အရှင်ရရ လိုချင်နေသည့် စိုးမော်သာ
ဖြစ်လေသည်။
"ဒါ .. ဒါဆို ချို .. လရောင်ချိုက .. စိုးမော်ကို ခိုင်းခဲ့တာပေါ့ .. "
"ဟုတ်တယ် .. မောင်နိုင် .. ငါတို့လဲ ရေချမ်း စစ်မေးလို့ အခုလေးတင် သိရတာပဲ .. "
"ဒါဆို ကျနော်တို့ ဘာဆက်လုပ်ရမှာလဲ ကိုဗညား "
နိုင်မျိုးအောင် စိတ်ညစ်ညူးစွာနှင့် မေးခွန်းထုတ်မိသည်။ လရောင်ချိုသည် သူ့ကို ဘာအတွက်ကြောင့်
မုန်းတီးနာကျည်းပြီး တိုက်ခိုက်ရသည်ဆိုတာကို နိုင်မျိုးအောင် အခုထက်ထိ နားမလည်သေးပါ။
စိတ်နာရမည်ဆိုလျှင် သူက လရောင်ချိုထက် အပုံကြီး ပို၍ စိတ်နာသင့်သည် မဟုတ်လား။
"ဒါကတော့ ငါ့လူ ရေချမ်း အကြံပေးလိမ့်မယ် ... သူက ဒါမျိုး အတွေ့အကြုံ ရှိတယ် .. လောလောဆယ်
စိုးမော်ပါးစပ်က ထွက်လာတာက ဓါတ်ပုံမူရင်းတွေ သူ့လက်ထဲမှာ မရှိတော့ဘူး .. လရောင်ချိုဆီမှာပဲ ရှိတယ်တဲ့ .. "
"......... "
"လာကွာ ... စိုးမော်ဆီ ပြန်သွားရအောင် .. ရေချမ်း ထပ်စစ်ပြီးလောက်ပြီ ထင်တာပဲ .. "
"......... "
နိုင်မျိုးအောင် ဘာဆိုဘာမှ ထပ်မမေးမိတော့ဘဲ ကိုဗညားနှင့် အတူ ပြန်လျှောက်လာခဲ့၏။ စိုးမော်ကို နဂိုနေရာမှာပင်
ပြန်တွေ့သည်။ သို့သော် နဂိုရုပ်ထက်တော့ ပို၍ ဆိုးနေသည်။ သတိလဲ ပြန်ရနေပြီ ဖြစ်သည်။ ဒီငနာ
သူ့အကြံအစဉ်ပျက်အောင် လုပ်တဲ့ကောင်ဟု နိုင်မျိုးအောင် သိပေမယ့် အခုလိုမျိုး အခြေအနေနှင့် မြင်ရတော့ သူ
စိတ်ထဲမှာ သိပ်မကောင်းပါ။ သို့သော် အခုလိုမျိုး ကိစ္စတွင် သူ့ထက် ပိုနားလည်မည့် ကိုဗညား ရှိနေသဖြင့်
ဘာမှတော့ ပြောဆိုခြင်း မရှိ။ အရမ်းကြီး ထပ်ကြမ်းတာမျိုး ရေချမ်းဖြစ်ဖြစ်၊ ကိုဗညားက ဖြစ်ဖြစ် ထပ်လုပ်လျှင်မူ
တားသင့်တာ တားဖို့တော့ ဆုံးဖြတ်ထားသည်။
သို့သော် နိုင်မျိုးအောင်တို့ ဘာမှ ထပ်မလုပ်လိုက်ရပါ။ ရေချမ်း၏ လက်ချက်ကို အကြီးအကျယ် ထိတ်လန့်သွားပြီ
ဖြစ်သည့် စိုးမော်ကပင် ဗလုံးဗထွေး အသံနှင့် နိုင်မျိုးအောင်တို့ကို တောင်းပန်ရှာသည်။
"ဆရာ .. ဆရာ တို့ကျနော့်ကို ထပ် မနှိပ်စက်ပါနဲ့တော့ဗျာ ... ကျ .. ကျနော် မိုးလေးရဲ့  မူရင်း ဓါတ်ပုံတွေ ပြန်ရဖို့
ကူညီပါ့မယ် .. ကျနော့်ကို သနားပါဗျာ ... အီး "
ငိုသံပါကြီးနှင့် ပြောနေသည့် စိုးမော်၏ စကားအဆုံးတွင် ကိုဗညားက သူ့ကို လှမ်းကြည့်သည်။ နိုင်မျိုးအောင်
ခေါင်းကို မသိမသာ ဆတ်၍သာ ညိတ်ပြလိုက်တော့သည်။
****************************************
နောက်သုံးလခန့် ကြာသော် ..
"ကိုကိုရေ .. ကိုကို .. မြန်မြန်လာတော့ ဒီမှာ နံပါတ်တစ်ရတဲ့ သီချင်းလာတော့မှာ .. "
အိမ်ရှေ့ဘက်မှ နေ၍ ခပ်မြူးမြူးသံနှင့် အော်ခေါ်နေသည့် သွန်းနဒီကြောင့် နိုင်မျိုးအောင်
ရေခဲတုံးလေးများထည့်ထားသော ဖန်ခွက်အတွင်းသို့ ၀ီစကီကို မြန်မြန်လောင်းထည့်လိုက်သည်။
တုံ့ပြန်သံ မပေးလျှင် ထပ်၍ အော်ခေါ်နေမှာ ဖြစ်လို့ အသံလည်း ပြန်ပြုလိုက်ရ၏။
" လာပြီ .. သွန်း .. "
ငှဲ့ထားသည့် ၀ီစကီခွက်ကို မမှောက်အောက် ထိန်းကိုင်ရင်း အိမ်ရှေ့ခန်းဘက်သို့ မြန်မြန်လျှောက်လာခဲ့သည်တွင်
သွန်းနဒီကို နှစ်ယောက်ထိုင် ဆိုဖာ၏ တစ်ဖက်ခြမ်းတွင် ထိုင်လျက်ရှိသည်ကို တွေ့ရသည်။ နိုင်မျိုးအောင်ကို
မြင်သည်နှင့် သွန်းက သူမ ဘေးဘက်မှ လွတ်နေသည့် နေရာကို လက်ဖြင့်ပုတ်ပြသည်။ သာမန်ရိုးရိုးစပန့်သား
ဂါဝန်လေးတစ်ထည်သာ ၀တ်ထားသည့်တိုင် သွန်းနဒီသည် လှမြဲလှနေလျက် ရှိသည်။ ဘယ်အချိန်ကြည့်ကြည့်
နိုင်မျိုးအောင်၏ စိတ်နှလုံးကို သိမ်းကျုံးဖမ်းစားထားသည်သာ ...။
"ကိုကို လာလေ .. ဘာငေးနေတာလဲ .. ဟိုမှာ ကြေငြာနေပြီ .. "
နိုင်မျိုးအောင် ဆိုဖာပေါ်မှာ ၀င်မထိုင်သေးပဲ ခွက်ကိုင်ပြီး မတ်တပ်ရပ်နေသဖြင့် သွန်းနဒီက စိတ်မရှည်သလို
လေသံနှင့် ပြောယုံမက ဖွင့်ထားသည့် တီဗွီဘက်ကိုလဲ မျက်စချီကာပြသည်။ ထိုတော့မှ နိုင်မျိုးအောင်
သူမဘေးတွင် စွေ့ကနဲနေအောင် ၀င်ထိုင်လိုက်ပြီး MRTV4 မှ အစီအစဉ်ကြေငြာသူ ကောင်မလေးဆီ
အာရုံစိုက်ရသည်။
"အခုအပတ်၍ နံပါတ်တစ်နေရာမှ ရပ်တည်နေတဲ့ သီချင်းကတော့ ပရိတ်သတ်များနှင့် ရင်းနှီးနေပြီဖြစ်တဲ့
သီချင်းလေးပဲ ဖြစ်မှာပါ .. လွန်ခဲ့တဲ့ သုံးလလောက်ကမှ စတင်ပြီး ဂီတလောကကို ရောက်ရှိလာခဲ့တဲ့ Candy
Rangers အဖွဲ့ရဲ့  စိတ်ကူးလေးပါပဲ ဆိုတဲ့ သီချင်းပါ.. သီချင်းခွေ စထွက်ပြီး ကတည်းက ပရိတ်သတ်ရင်ထဲကို
သီချင်းကောင်းလေးတွေနဲ့ ရောက်ရှိခဲ့တဲ့ Candy Rangers အဖွဲ့ဟာ အခုအချိန်မှာဆိုရင် မြန်မာနိုင်ငံရဲ့ top group
တစ်ခုလို့တောင် ဆိုလို့ရနေပါတယ်.. ကဲ .. သီချင်းချစ်သူ ပရိတ်သတ်ကြီးရေ .. နာမည်ကျော်ကြား
လူကြိုက်များနေတဲ့ သကြားလုံးကြိုက်တဲ့ ရိန်းဂျားမလေးတွေရဲ့  စိတ်ကူးလေးက ဘာလဲဆိုတာကို ကျမတို့နဲ့အတူ
နားထောင်ကြည့်လိုက်ရအောင်နော် .. "
ပရက်စင်တာကောင်မလေးရဲ့  ပြောကြားချက် အပြီးတွင် သူမ၏ ပုံရိပ်က ဖြတ်ကနဲ ပျောက်သွားသည်။
ထို့နောက်တွင်တော့ နိုင်မျိုးအောင်နှင့် ရင်းနှီးနေပြီ ဖြစ်သော ပုံရိပ်က တီဗွီဖန်သားပြင်တွင် အစားထိုးကာ
ဝင်ရောက်လာသည်။ တခြား မဟုတ်။ သူ၏ တပည့်မလေးများ ဖြစ်သည့် ကန်ဒီရိန်းဂျားမလေးတွေပင် ..
ဒါ စိတ်ကူးလေးပါပဲ .. ဒါ အိပ်မက်လေးပါပဲ .. မကြာခင် လွင့်ပျောက်တော့မယ့် အတွေးငယ်လေးရယ် ..
ငါတော့ အစွဲအလန်းကြီးနေတဲ့ ကလေးလေးတစ်ယောက်လိုပဲ .. လမင်းကြီးကို သိမ်းထားချင်မိတယ် ..
နိုင်မျိုးအောင် တီဗွီထဲမှ ပျံ့ လွင့်လာသော သီချင်းကို နားထောင်နေရင်းမှ သူ့စိတ်တွေသည် လွင့်မျောကာ
လွန်ခဲ့သော သုံးလခန့်က အဖြစ်အပျက်များဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
စိုးမော်ကို ဖမ်းမိပြီးနောက် သူတို့အဖွဲ့ကို ပျက်ပြားအောင် ကြံစည်သူမှာ လရောင်ချိုမှန်း နိုင်မျိုးအောင်တို့
သိခဲ့ရသည်။ ဒီထက်ပိုပြီး ထပ်သိရသည်က လရောင်ချိုသည် ဦးညီထွေးနှင့် ဇာတ်လမ်းရှုပ်နေခြင်းပင်။
ထို့အတွက်ကြောင့် နိုင်မျိုးအောင်တို့ လက်ခုပ်ထဲတွင် ရေလိုဖြစ်နေသည့် စိုးမော်က အစီအစဉ်တစ်ခုကို
ပြောပြသည်။ လရောင်ချို၏ ကွန်ဒိုခန်းကို ဖောက်ပြီး သူမနှင့် ဦးညီထွေးကို အမိဖမ်းဖို့ပင်။ နိုင်မျိုးအောင်
စိတ်နှင့်သာဆိုလျှင် ဒီလိုမျိုး ပါးကိုက်လို့ နားပြန်ရိုက်ရတာမျိုး မလုပ်ချင်ပါ။ သို့သော် ကိုဗညားရော၊ ကိုရေချမ်းကပါ
အဲဒီအစီအစဉ်ကောင်းတယ်ဆိုပြီး ၀င်ပြောသည်တွင် သူလည်း ဘာမှ ထပ်ပြီးဝင်မပြောတော့။ ကိုရေချမ်း၏ လက်ထဲ
စိုးမော်ကို အပ်လိုက်သည်။ ပြီးတော့ လရောင်ချို၏ ကွန်ဒိုတွင် ရှိနေသေးသူ အပါနားနှင့် ဆက်သွယ်ပြီး သူတို့တွေ
လရောင်ချိုကို တန်ပြန်ထောင်ဖမ်းဖို့ ကြံခဲ့ကြသည်။
လရောင်ချို၏ အခန်းကို ၀င်လို့ရသည်နှင့် အဓိကကျရာ နေရာများတွင် စပိုင်ကင်မရာများ တပ်ဆင်ထားခဲ့သည်။
သိပ်ကြာကြာ မစောင့်လိုက်ရပါ။ တစ်ပတ်အတွင်းမှာပဲ လရောင်ချိုနှင့် ဦးညီထွေး၏ အခြေအနေကို
ကွက်ကွက်ကင်းကင်း သိလာခဲ့သည်။ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တွေကို မြင်ရသောအခါ နိုင်မျိုးအောင်
ဘာပြောလို့ ပြောရမှန်းမသိ။ ကိုဗညားကတော့ ခွက်ထိုးခွက်လန် ရယ်သည်။ ရုပ်တည်ကြီးနှင့် အမြဲနေတတ်သူ
ကိုရေချမ်းတောင် ပြုံးသလို ဖြစ်သည်။ နှုတ်ကလဲ ဒါလား .. မြန်မာနိုင်ငံရဲ့  ခရိုနီကြီးဆိုပြီး ပြောသေးသည်။
နောက်ပိုင်း ကိစ္စတွေကတော့ မခက်တော့ပါ။ လက်ထဲရှိသည့် ဗီဒီယိုဖိုင်ကို စီဒီအဖြစ်ပြောင်းပြီး ဦးညီထွေးနှင့်
လရောင်ချိုဆီ ခွဲကာ ပို့လိုက်ယုံပင်။ ဦးညီထွေးဆီ ပို့သည့် စာအိတ်တွင်တော့ စာတစ်စောင် ထည့်ပေးထားသည်။
သူ့ကို ငွေညှစ်ချင်လို့ မဟုတ်ပဲ လရောင်ချိုက တစ်စုံတစ်ယောက်ကို blackmail လုပ်ထားလို့ ဆိုပြီး ရှင်းပြခဲ့သည်။
နိုင်မျိုးအောင်တို့ တွေးထားသည်က အခုလိုမျိုး ဆိုလိုက်လျှင် ဦးညီထွေးဘက်မှနေ၍ လရောင်ချိုကို ဖိအားပေးနိုင်လို့
ဖြစ်သည်။
သူတို့ တွက်ထားချက်တွေ အားလုံး မှန်ပါသည်။ ခိုးရိုက်ထားသည့်ဖိုင်တွေ ဒီလိုပို့လိုက်ပြီး
နောက်တစ်ရက်အတွင်းမှာပင် လရောင်ချိုဆီမှ နော်မိုးဇာ၏ ပုံတွေပါဝင်သော စီဒီချပ်ကို စာတိုက်မှနေ၍
ပြန်ရရှိခဲ့သည်။ ထိုစီဒီချပ်နှင့် အတူ သူမဘ၀ကို ပျက်စီးအောင် မလုပ်ဖို့ အသနားခံစာပါ ပါဝင်သည်။ ကိုဗညားက
ထိုစာကို ဖတ်ရရခြင်း နိုင်မျိုးအောင်ကို မင်းသဘော ..မင်းပဲ ဆုံးဖြတ် ဟု ဆိုပြီး သူ့လက်ထဲ ထိုးထည့်ပြီး ပေးသည်။
နိုင်မျိုးအောင် ဘာမှ တုံ့ပြန်မနေပဲ လရောင်ချို၏ မူဗီဖိုင်ကို သူ့မန်မိုရီစတစ်ထဲသို့သာ ကူးလာခဲ့သည်။
ကိုဗညားစက်ထဲမှ ဖိုင်ကိုလဲ သူ့ရှေ့မှာပင် ဖျက်ပစ်ခဲ့သည်။
အဲဒီနောက်တွင်တော့ ကိုဗညားနှင့် သူ Candy Rangers ခွေထွက်ဖို့ ပြန်လည် ကြိုးပမ်းရသည်။
မီဒီယာသမားတွေကိုလဲ ဖိတ်၍ သတင်းစာရှင်းလင်းပွဲ သဘောမျိုး လုပ်ရုံသာမက၊ ထိုနေ့တွင် ပရိုမိုးရှင်း
သဘောမျိုးအဖြစ် အားပေးသူ ပရိတ်သတ်ကို သီချင်း သုံးလေးပုဒ်လောက်နှင့် ဖျော်ဖြေပေးခဲ့သည်။ သေချာ
စည်းစနစ်ကျကျ တိုက်ထားခဲ့သည့် အကအခုန်များနှင့်အတူ ချိုမြိန်သာယာသည့် သီချင်းများကပါ
အားဖြည့်ပေးလိုက်သောအခါ ကန်ဒီရိန်းဂျားဆိုသည့် နာမည်သည် ခွေထွက်သည်နှင့် တရှိန်ထိုး အောင်မြင်ခဲ့သည်။
သီချင်းခွေစစထွက်ခြင်း အပတ်မှနေ၍ အရောင်းရဆုံး သီချင်းခွေ စာရင်းတွင် ထိပ်ဆုံးမှ
ဆက်တိုက်ရပ်တည်ထားသည်မှာ ယနေ့ထက်ထိပင် ..။
ငါတော့ အစွဲအလန်းကြီးနေတဲ့ ကလေးလေးတစ်ယောက်လိုပဲ .. လမင်းကြီးကို သိမ်းထားချင်မိတယ် ..
တီဗွီထဲမှာ လာနေသော သီချင်း ဆုံးသွားသည့်တိုင် အရှိန်မပြတ်သေးပဲ ကိုယ့်အသံနှင့်ကိုယ် လိုက်ဆိုနေသေးသည့်
သွန်းနဒီကြောင့် နိုင်မျိုးအောင် ပြုံးမိသည်။ ခေါင်းကလေးကို ဘယ်ညာယိမ်းပြီး ကိုယ်ကလေးလှုပ်သလို
မလှုပ်သလိုနှင့် ဆိုနေသည့် ချစ်သူလေးကို ကြည့်ပြီး နိုင်မျိုးအောင် စိတ်တွေ တစ်မျိုးဖြစ်လာသည်။ ၀တ်ထားသည့်
စပန့်သားဂါဝန်က အပါးစားမို့ အထဲက အခုအခံတွေကို ဖောက်ထွင်းပြီး မြင်နေရသည်။ နိုင်မျိုးအောင် အလိုလိုကို
သွန်းနဒီဘက်သို့ ပူးကပ်၍ သွားသည်။ လက်တစ်ဖက်နှင့်လဲ သူမ၏ ကိုယ်လေးကို သိုင်း၍ ဖက်လိုက်သည်။
"ကိုကို .. ဘာလဲ .. "
နိုင်မျိုးအောင် ဘာဖြစ်နေတာလဲ ဆိုတာကို သတိမထားမိသေးသူ သွန်းနဒီက အလိုက်သင့်
သူ့ရင်ခွင်ထဲ ၀င်လာရင်း မေးရှာသည်။
"ဟို .. ဟို လေ .. "
နိုင်မျိုးအောင် ရုတ်တရက် ကြောင်နေသေးသည်။ ကိုယ်လုံးအိအိလေးကို ဖက်ထားရင်းမှ သူ့လက်တစ်ဖက်က
ဂါဝန်သားလွတ်နေသည့် သွန်း၏ လက်မောင်းလေး တစ်ဖက်ကို သာသာလေး ပွတ်ပေးမိသည်။ ပွတ်ပေးနေရင်းနှင့်မှ
မသိမသာလေး ရှေ့ဘက်ရောက်လာပြီး နုထွတ်တင်းရင်းသည့် ရွှေရင်တစ်ဖက်ကို ကိုင်လိုက်သည်တွင် ..
"ကို ကို !! ... သွန်း နေမကောင်းဖြစ်နေတယ်လို့ မနက်ကတင် ပြောထားတယ် လေ .. ဘယ်လို ဖြစ်နေတာလဲ "
သွန်းနဒီဆီမှ မျက်စောင်းတစ်ခုက သူ့ဆီ ဒိုင်းကနဲ ရောက်လာသည်။ နိုင်မျိုးအောင် ရယ်ကျဲကျဲ မျက်နှာပေးနှင့်
သွားကို ဖြီးပြလိုက်သည်။
"ကိုကို သိပါတယ် .. သွန်းကလဲ .. ကိုကို့စိတ်ထဲ သွန်း သီချင်းဆိုပြီး ကိုယ်လေးလှုပ်နေတာ မြင်တော့
တစ်မျိုးဖြစ်လာလို့ပါ .. "
"မလုပ်ပါနဲ့ ကိုကိုရာ .. သွန်း မီးနီတာလဲ ဘယ်လောက်မှ မကြာတာ ကိုကို သိရက်သားနဲ့ .. ရက်ပိုင်းလေး
စောင့်ရတာပဲ ကို .. "
"အင်း .. မီးနီပြတော့လဲ မီးနီ ပြတာပေါ့ .. ဒါပေမယ့် မီးနီ မပြတဲ့နေရာတစ်ခုလဲ တွဲလျက်ရှိတယ်မှတ်လား .. "
"ဟင် .. မီးနီ မပြတာ .. ကိုကို ဘာပြောတာလဲ .. "
နိုင်မျိုးအောင် နှုတ်မှ ပြောမထွက်ပဲ သူ့ခေါင်းကိုသာ ယောင်ယမ်း၍ ကုတ်မိသည်။ ဘယ်လိုဖြစ်လို့ သူဒီလို
ပြောဖြစ်သွားမှန်းလဲ သူ့ကိုယ်သူ မသိလိုက်။ ဟိုလိုဒီလိုနှင့် သူ ဘာဖြေရမှန်း မသိတုန်း သွန်းနဒီက
ခေတ်မိန်းကလေးမို့ ဘာဆိုလိုတာ ချက်ချင်း သိသွားသည်။
"ဟာ .. ကိုကို မကောင်းဘူး ... ပြော .. ပြောစမ်း .. ဒါတွေ ဘယ်သူ သင်ပေးလိုက်တာလဲ .. "
အသံစီစီလေးနှင့် သူ့ကို ရန်တွေ့သလို ပြောရင်းသာမက သူ့ဗိုက်ကို လက်ကလေးနှင့် လာဆွဲသည်။
"အား .. မ .. မလုပ်နဲ့ သွန်း .. အလကား ကိုကို စတာ . ဘယ်သူမှလဲ သင်ပေးတာ မဟုတ်ဘူး .. "
"ဟွန်း ... ကိုကိုတော့နော် .. မသိရင် ခက်မယ် "
"သွန်းကလဲ ကွာ "
"သွန်း သိပါတယ် .. ကိုကို ညဘက်ညဘက် အင်တာနက်ပေါ် တက်ပြီး ဘာဘာညာညာတွေ လျှောက်ဖတ်
လျှောက်ကြည့်နေတယ် မဟုတ်လား .. "
"အော် .. ဒါလား .. "
"ဘာ ဒါလားလဲ .. ဟွန်း .. ဒါပဲနော် .. ဟိုဟာဒီဟာတွေ ဖတ်ပြီး ပေါက်တတ်ကရ လုပ်ဖို့တော့ မကြံနဲ့ .. တော်ပြီ !!
.. အဲဒီနေရာတွေလဲ မသွားနဲ့တော့ .. ဟိုဖိုရမ်ဆိုတာရောပဲ .. "
"ဟာကွာ .. သွန်းကလဲ .. ဒီလိုတော့ မလုပ်ပါနဲ့ .. သွန်း စိတ်မ၀င်စားဘူးဆိုရင် ကိုယ်နောက်ထပ်မပြောတော့ဘူး ..
အဲဒီဖိုရမ်လေးတော့ မသွားပဲ မနေပါရစေနဲ့ .. ဟိုမှာ ဇာတ်လမ်းတွေက တော်တော်စိတ်ဝင်စားဖို့ ကောင်းနေလို့ပါ .."
"ကိုကိုနော် .. သွန်းထက် အဲဒါတွေကို ပိုစွဲသွားဦးမယ် .. ကြပ်ကြပ်သွားနေ .. "
"အင်းပါ ကွာ .. အင်းပါ .. "
နိုင်မျိုးအောင် သွန်းနှင့် အပြိုင်ပြောမနေတော့ပဲ လက်နက်ချ အရှုံးပေးရင်း ၀ီစကီခွက်ကို ကောက်ဆွဲရင်း
ဝရံတာဘက်သို့သာ ထွက်လာခဲ့သည်။ အပြင်ဘက်တွင်တော့ ညနေစောင်းနေပြီမို့ နေရောင်ခြည်က
ဝါရွှေရောင်တောက်စွာ လင်းပလို့နေသည်။ ၀ရံတာတွင် အသင့်ရှိနေသော ဒရင်းဘတ်တွင် ၀င်လှဲလိုက်ရင်း
လက်ထဲကိုင်ထားသည့် ၀ီစကီခွက်ကို တစ်ငုံမော့သောက်သည်။ ပြီးနောက် ဒရင်းဘတ် ဘေးရှိ ခုံအပုလေးပေါ်တွင်
ခွက်ကို လှမ်းတင်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အိပ်တန်းတက်ဖို့ရန်အတွက် အနောက်ဘက်မှ
ပျံလာကြသည့် ငှက်တစ်အုပ်ကို မြင်သည်။ နိုင်မျိုးအောင် လိုက်ငေးကြည့်နေရင်းမှ ပုဇွန်ဆီသွေးရောင် ပြေးသလို
ဖြစ်နေသော တိမ်တိုက်တစ်ခုကို သွားတွေ့သည်။
မရည်ရွယ်ပဲ ငေးကြည့်မိသွားချိန်တွင် ထိုတိမ်တိုက်သည် မိန်းမပျိုလေးတစ်ဦး၏ နှုတ်ခမ်းပါးလေးများ အဖြစ်
အသွင်ပြောင်းသွားသည်။ ထိုနှုတ်ခမ်းပါးလေးများက တလှုပ်လှုပ်ဖြစ်ကာ သီချင်းတစ်ပုဒ်ကို
ဆိုညည်းနေလျက်ရှိသည်။
ထိုအဖြစ်အပျက်နှင့် တစ်ချိန်ထဲမှာပင် ...
အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ဦးတည်ကာ သွားနေသော လေယာဉ်ပျံကြီး တစ်စင်း၏
ပြတင်းပေါက်တစ်ခုနားတွင် ထိုင်နေသော မိန်းမပျိုလေးတစ်ဦးသည် အပြင်ဘက်ကို ငေးကာကြည့်နေသည်။
သူမဘ၀၏ အပြောင်းအလဲတစ်ခုကို အကြီးအကျယ် ကြုံဆုံပြီးနောက် စိတ်သစ်လူသစ်နှင့် ဘ၀အသစ်ကို
ပြန်လည်အစပျိုးဖို့ နယူးယောက်မြို့သို့ ထွက်လာခဲ့သူ တစ်ဦးဖြစ်သည်။ လေဆိပ်တွင် ဆင်းသက်ရန် နီးကပ်လာပြီ
ဖြစ်သဖြင့် လေယာဉ်က အမြင့်ပေကို လျှော့ချလိုက်ရာ ပြတင်းပေါက်မှ လှမ်းကြည့်လျှင်
တိမ်တောင်တိမ်တိုက်များကို ဘေးတိုက်အနေအထားနှင့် လှမ်းမြင်နေရသည်။ နေကာမျက်မှန်
အ၀ိုင်းကြီးတစ်လက်ကို တပ်ဆင်ထားသည့် ထိုမိန်းကလေးသည် တိမ်တိုက်များကို ရီဝေငေးမောစွာနှင့်
စိုက်ကြည့်နေလေတော့သည် ...။

Rated Collection (Normal)Where stories live. Discover now