Unicode
၁၉၉၈ခုနှစ် ၄လပိုင်း ၁၇ရက် နွေရာသီရဲ့ညနေခင်း နေရောင်ခြည်တို့ ထွေးပွေ့ထားချိန်ပေါ့!
စံအိမ်ကြီးရှေ့တွင် လူနာတင်ယာဉ် တစ်စီးရပ်ထားပြီး အိမ်ကြီး၏ ဒုတိယထပ်တွင်တော့ ပါရဂူဆရာဝန်မကြီးတစ်ယောက်နှင့် လက်ထောက်ဆရာဝန်မလေးတစ်ဦး သူနာပြုတစ်ဦးတို့မှာ ကိရိယာတန်ဆာပလာများဖြင့် အလုပ်ရှုပ်နေသည်။
"အား.....!!!!!!!"
အခန်းထဲမှ ဇနီးဖြစ်သူ၏ အော်သံ တစ်ချက်ကြားတိုင်း အခန်းရှေ့မှ ခင်ပွန်းမှာ စိုးရိမ်မှတ် တစ်မှတ်တိုးရသည်။ တစ်ယောက်က ခုတင်ပေါ်တွင် နာကျင်မှုများနှင့် တစ်ယောက်ကတော့ အခန်းရှေ့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်းနှင့် နှစ်ဦးစလုံးကတော့ဇောချွေးများ စိုရွှဲလျက်။
ခဏအကြာမှာ ဇနီး၏ အော်သံတိတ်သွားသော်လည်း ခင်ပွန်း၏ စိုးရိမ်မှုများက မလျော့ကျသေးပေ။ အခန်းတံခါးလည်း ဖွင့်မလာသေးတာကြောင့် တံခါးနားကို ကပ်ရင်း အထဲက အသံတို့ကို နားစွင့်နေရသည်။
"အူငဲ!!!!!ငဲ!!!!!!"
ကလေးငိုသံ ကြားသော်လည်း တံခါးပွင့်မလာသေး၍ ခင်ပွန်းသည်က စိတ်ပူပင်နေရသေးသည်။ ခဏအကြာမှာတော့ သူနာပြုမလေး အဝတ်အဖြူလေးထဲ ထည့်ထားသော ကလေးလေးကိုပိုက်လျက် ထွက်လာသည်။
"ဆရာ ယောက်ျားလေးမွေးပါတယ်....."
"သားလေးလား"
ဖခင်တစ်ယောက်၏ ပျော်ရွှင်မှု၊ မြတ်နိုးမှု၊ ချစ်ခင်မှုတွေ ပေါင်းထားသော အကြည့်များဖြင့် ဂွမ်းစောင်နုနုထဲက ကလေးကိုကြည့်ကာ ပွေ့ချီလိုက်ပြီး အခန်းထဲက သူ့ဇနီး အခြေအနေကို မေးသည်။
" Am ရော ဘယ်လိုနေသေးလဲ ခင်ဗျ"
"ကျန်းမာပါတယ်... အခန်းသန့်ရှင်းလေးလုပ်ပြီးရင် ဝင်ကြည့်လို့ ရပါပြီ"
"ဟုတ်ကဲ့"
သားလေးကို ရင်ခွင်ထဲထည့်ရင်း အမောဖြေနေသည့် ဇနီးဖြစ်သူ၏ ဘေးတွင်ထိုင်ကာ ဆံပင်လေးတွေ အသာအယာ ပွတ်သပ်ပေးလိုက်သည်။
သားလေးရဲ့ မျက်လုံးတွေက နက်မှောင်ပြီးတောက်ပကြည်လင်နေသည်။ မျက်တောင်တွေနဲ့ မျက်ရစ်ကလေးတွေကလည်း ထင်းနေသည်မှာ မတောင်းပဲရထားတဲ့ ဆုလာဘ်တစ်ခုလိုပင်။ နှုတ်ခမ်းသေးသေးလေးတွေကို လှုပ်စိလှုပ်စိနဲ့ လက်တုတ်တုတ်လေးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။