ငတုံးတစ်ယောက် ဒါမှမဟုတ် ငကြောင်တစ်ဦးနဲ့ ချစ်သူတွေဖြစ်နေမယ်ဆိုရင် ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲလို့ ခင်ဗျားတို့ တွေးကြည့်ဖူးလား။
သိချင်တယ်ဆိုရင်တော့ ဒီက ငတုံးတစ်ယောက် ဂန်ဆူးလ်ဂီနဲ့ ငကြောင်တစ်ဦး ဘယ်ဂျူဟျွန်းတို့ရဲ့ ချစ်သူဘဝကြီးကို ခဏလောက်လေ့လာကြည့်ရအောင်။
x
သူတို့ရဲ့ ချစ်သူစဖြစ်ပုံက ရှင်းတယ်။ ရှင်းလွန်းလို့ ယုံနိုင်မှာတောင် မဟုတ်ဘူး။ ပြောရမယ်ဆိုရင်တော့ .. ဂျူဟျွန်းလေး သူ့ရည်းစားဟောင်းနဲ့ ပြတ်ခါစအချိန်ပေါ့ ..။
"မကောင်းတဲ့အကောင်"
ငှက်ပျောသီးအရသာ နွားနို့ဗူးကိုသောက်ရင်း တစ်မိုးအောက် တစ်ယောက်ပဲရှိတဲ့ ချစ်လှစွာသော ရည်းစားဟောင်းကို ကျိန်ဆဲလိုက်တယ်။
မနက်ကစားထားတဲ့ မုန့်တစ်ခုခုကြောင့် ရစ်နေတဲ့ဗိုက်ကို လက်နဲ့ဖိနှိပ်ပြီး အနှီရည်းစားဟောင်းကို သတိရမိလို့ မျက်ရည်တွေကျလာတဲ့အချိန်မှာ ထီးမပါတဲ့ ဂျူဟျွန်းကို လှောင်တဲ့အနေနဲ့ မိုးတွေအားရပါးရ ရွာချလာလေရဲ့။
"မိုးနတ်မင်း! ငါ ဘယ်ဂျူဟျွန်းကျိန်တယ်! မိုးထပ်ပြီးရွာမယ်ဆိုရင် -"
'ဂျိန်း!'
"ငါဒီနို့ဗူးကို ကုန်အောင်သောက်ပြမယ်လို့!"
သတ္တိရှိရှိ ကျိန်ဆိုပြီးတဲ့နောက်မှာတော့ မိုးနဲ့ဝေးရာကို ဂျူဟျွန်းပြေးသွားရတယ်။ နေရာက သူတို့ရဲ့တက္ကသိုလ်ကြီးဆီ။
ယုန်စုတ်ဖြစ်လာတဲ့ ဂျူဟျွန်းကို တစ်ချို့ကကြည့်ရင်း တိုးတိုးရယ်ကြတယ်။ ဝတ်ထားတဲ့ ပန်းရောင်အနွေးထည်က ဂျူဟျွန်းထက် နှစ်ဆလောက်ကြီးနေတာမို့ မိုးစိုသွားတဲ့အခါ ပိုအဆင်မပြေပါ။
ဒါပေမယ့် ဂျူဟျွန်းသိတယ်။ သူတို့ဝိုင်းကြည့်ကြတာ မိုးစိုလာလို့မဟုတ်ဘူး။ ဂျူဟျွန်းရည်းစားဟောင်းနဲ့ ပြတ်သွားတဲ့သတင်းကို သိသွားကြလို့ပဲ။ ဒီသတင်းက နာမည်ကြီးတယ်လေ။
ဘာလို့လဲဆိုရင် အဲ့မကောင်းတဲ့ကောင်က နတ်သားလိုမျိုး ချောမောပြီး ပိုက်ဆံလည်းရှိတဲ့အပြင် သူ့အနားဝိုင်းဝိုင်းလည်နေတဲ့ ကောင်မလေးတွေ အများကြီးရှိတဲ့ကြားက ဖြူဖြူစင်စင် ဂျူဟျွန်းကို ချစ်ပါတယ်ဆိုပြီး မရမကလိုက်ပြောခဲ့တာ။
တစ်ခါမှ ရင်မခုန်ဖူးတဲ့ ဟောဒီနှလုံးသားကလည်း သြော် .. ကောင်လေး ရုပ်ချောတယ်ဟဲ့ဆိုပြီး လက်ထဲထည့်ပေးလိုက်မိတာ အခုတော့ အိမ်စာတွေ နေ့မနားညမနား လုပ်ပေးလိုက်ရတာပဲ ဂျူဟျွန်းမှာ အဖက်တင်တယ်။ သူကတော့ နောက်အသစ်တစ်ယောက်နဲ့။
ယောကျ်ားတွေက မကောင်းဘူးဆိုတာ ဂျူဟျွန်းငယ်ငယ်လေးနဲ့ သိလိုက်ရပါပြီ။
"ဘယ်လိုလဲ ဟျွန်း? အသည်းကွဲနေလား"
ရိသဲ့သဲ့မျက်နှာပေးနဲ့ အဲ့အကောင်ကိုကြည့်ပြီး ဘာကြောင့်များ အဖြေပြန်ပေးခဲ့မိပါလိမ့်လို့ ဂျူဟျွန်းစဉ်းစားမရ။ မိုးရေစက်တွေကပ်နေတဲ့ မျက်မှန်ကို အလယ်ကနေ လက်ခလယ်နဲ့ပဲ သိသိသာသာ ပင့်တင်လိုက်တယ်။
"အသည်းကွဲရမယ်? နင်ရူးနေပြီ ပတ်ဘိုဂမ်းရဲ့ ငါအရမ်းစိတ်ချမ်းသာနေတာ"
အင်္ကျီလက်ကရှည်နေတာကြောင့် ဂျူဟျွန်းရဲ့ လက်သေးသေးလေးတွေ ကျစ်ကျစ်ပါအောင် ဆုပ်ထားတာကို သူတို့တွေမမြင်နိုင်။
YOU ARE READING
Dumb and Dumber
Fanfictionငတုံးနဲ့ ငကြောင်တို့ တွေ့ကြရာဝယ် .. ငတုံးနဲ့ ငကြောင်တို့ တွေ့ကြရာဝယ် ..