Nine

4.3K 614 34
                                    

ပြင်ဆင်မှုတွေ ပြုလုပ်စရာရှိနေတာကြောင့် ဆူးလ်ဂီတို့ရဲ့ တက္ကသိုလ်ကျောင်းတော်ကြီးကို တစ်လလောက် ပိတ်ထားဖို့ အကြောင်းဖန်ခဲ့တဲ့ နေ့ရက်တွေမှာ ဆူးလ်ဂီကလည်း မိဘတွေရှိရာနယ်ကို ပြန်ဖို့အတွက် အကြောင်းတွေ တိုက်ဆိုင်လာခဲ့တယ်။

နေ့တိုင်းတွေ့နေကြဖြစ်ပြီး အမြဲတမ်း စကားပြောနေရာက ရုတ်တရက်ကြီး နယ်ပြန်သွားမယ့်အခါ ဂျူဟျွန်းနဲ့ ဆူးလ်ဂီရဲ့စိတ်တွေ သိပ်ပြီးနေမကောင်းချင်ကြတော့။

"ငါ့ဆီ ဖုန်းဆက်နော်"

ကားဂိတ်ကိုလိုက်ပို့ရင်း ဆူးလ်ဂီရဲ့ အနွေးထည်စကို ကိုင်ဆွဲလို့ ဂျူဟျွန်းတိုးတိုးကလေး မှာတယ်။ ဆူးလ်ဂီသက်ပြင်းချလိုက်ပြီး ဂျူဟျွန်းလက်ကို အနွေးထည်ကိုင်ထားရာကခွာကာ မိမိလက်နဲ့ဆုပ်ကိုင်မိသည်။

"ငါတစ်လပဲသွားတာပါ ပြီးတော့ မိဘတွေဆီပြန်တာ သေရွာသွားတာလည်း မဟုတ်ဘူး"

"ဟာ နင်ကဟာ ခရီးသွားမှာကို ဘာလို့အဲ့လိုတွေ မဆင်မခြင်ပြောရတာလဲ"

ဒီတစ်ခေါက်တော့ ဂျူဟျွန်းက ဆူးလ်ဂီရဲ့ လက်မောင်းကိုထုပြီး ဆုံးမပြန်သည်။

"နောက်တာ ငါသွားတော့မယ် ဖုန်းဆက်"

"နင်ဆက်လေ"

"နင်ဆက်တော့ ဘာဖြစ်လို့လဲ"

"ငါက မိန်းကလေးလေ"

"နင့်မျက်လုံးထဲမှာရော ငါကယောကျ်ားလေးနဲ့တူလို့လား ဂျူဟျွန်း"

"အဲ့ဒါဆို နင်ကရော ငါ့ကိုမိန်းကလေးလို့မမြင်ဘူးလား"

"နင်က မိန်းကလေးနဲ့တူလို့လား"

"နင်ကရော နင့်ကိုယ်နင်မိန်းကလေးနဲ့တူပါတယ်လို့ ထင်နေတာလား ဂန်ဆူးလ်ဂီ"

ငြင်းခုန်နေရင်းနဲ့ ဒုတိယတစ်ခေါက် ကားထွက်တော့မှာကို ကြေငြာတဲ့အခါမှ ဆူးလ်ဂီပြန်မငြင်းဘဲ ရပ်လိုက်တယ်။ ဂျူဟျွန်းကလည်း ထပ်မစတော့ဘဲ ဆူးလ်ဂီကို အဓိပ္ပါယ်ဖော်မရတဲ့ မျက်လုံးတွေနဲ့ ကြည့်လာပြန်တယ်။

"ဘာလဲ ဘာလို့အဲ့လိုကြည့်တာလဲ"

"ငါတော့ နင့်ကိုလွမ်းနေတော့မှာပဲ ဆူးလ်ဂီရာ"

ပြောပြောဆိုဆိုနဲ့ ဂျူဟျွန်းက ဆူးလ်ဂီကို ပွေ့ဖက်လိုက်တဲ့ အခါမျိုးကျတော့လည်း ဆူးလ်ဂီမှာ ဝမ်းနည်းရပြန်သည်။

"ငါလည်း နင့်ကိုလွမ်းနေမှာပါ"

ဂျူဟျွန်းရဲ့ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးရင်း စစ်မှန်တဲ့စကားကို ဆူးလ်ဂီဆိုလိုက်တယ်။

"သွားတော့ နင်ပြန်လာရင် ဝိတ်ကျလာတာပဲမြင်ချင်တယ်"

"မကျလာရင်ရော?"

"ဘိုဂမ်းနဲ့ပဲ ပြန်တွဲလိုက်တော့မယ်"

"ဂျူဟျွန်း! နင်ဟာလေ ကျွတ်စ်"

Dumb and DumberWhere stories live. Discover now