သားငယ်အတွက် စိတ်မကောင်းဖြစ်နေရသည့်အတွက် မေတို့၏ ညစာသည် ညစာ ဟူ၍ အမည်ခေါ်နိုင်ရုံသာ ရှိခဲ့သည်။ အတွေးကိုယ်စီ ကိုယ်ငှနှင့်ပေမို့ မေ ကိုယ်တိုင်ပင် ဘာစားလာခဲ့မိမှန်း သတိမထားမိခဲ့ချေ။ ခန့်ကိုတို့ အိမ်ဂေဟာသို့ ပြန်ရောက်သည့်အချိန်တွင် တစ်ယောက်နှင့် တစ်ယောက် စကားဆိုမနေနိုင်တော့ပဲ ကိုယ့်အခန်းကိုယ်သာ ခြေလက် ဆေးပြီး တန်းတန်းမတ်မတ် ဝင်ခဲ့မိကြသည်။ညမအိပ်ခင် ခဏတွင် လိုင်းဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ကျောင်း ပရောဂျက်အတွက် သတိပေးနေသော မေးလ်များ တန်းစီ၍ ဝင်လာလေသည်။ ပရောဂျက်အတွက် အကြောင်းအရာစာများကို မေနှင့် မောင်တို့ နှစ်ယောက်က ပြင်ဆင်ကြသည်ဖြစ်၍ ကျန်သော teammate များက စာတမ်းထပ်ရန် စာများတောင်းနေကြခြင်းဖြစ်သည်။ ထို့ကြောင့် မှတ်မှတ်ရရ မေ မြန်မာပြည်သို့ ပြန်မလာခင် ရှေ့အပတ်က မောင့်အိမ်တွင် လတ်စသတ်ခဲ့သော ပြန်လည်ပြင်ဆင်ထားသည့်စာများပါသော USB အား မေ လက်ကိုင်အိတ်ထဲတွင် ပြန်လည် ရှာနေရသည်။ နောက်ဆုံးတွင်တော့ မေ့ လက်ကိုင်အိတ်လေး၏ အတွင်းအိတ်ထဲမှ အပြာရောင်စာအိတ်နှင့်တကွ USB အား မေ တွေ့လေသည်။
မေတို့ အဖွဲ့ခေါင်းဆောင်ဆီသို့ ပြန်လည် ပြင်ဆင်ထားသော အချက်အလက်များကို မေးလ် တစ်စောင်ရေးကာ ပို့လိုက်ပြီးနောက် အပြာရောင် စာအိတ်ထဲမှ စာအား ဖွင့်ဖောက် ကြည့်ရန် ခုတင်ပေါ်တွင် နေရာယူရင်း လှဲလိုက်လေသည်။
"သို့.......
မြတ်နိုးရပါသော ကလေးလေး...."
စာအိတ်ထဲမှ စာရွက်အား ဖြန့်ကာ ဖတ်ကြည့်လိုက်သည့်အချိန်တွင် တွေ့လိုက်ရသော မောင့် လက်ရေးမူကလေး။ အရွယ်အစား မတိမ်းမယိမ်းနှင့် သပ်သပ်ရပ်ရပ်ရေးထားသော စာလုံးဝိုင်းလေးများက ထိုသူ့အပေါ်တွင် မောင် မည်မျှလောက်အထိ အလေးအနက်ထားကြောင်းကို သိသာစေရန် ကျော့ကျော့မော့မော့နှင့် စာရွက်ပြာလေးထက်တွင် နေရာယူနေပါ၏။ "မြတ်နိုးရပါသော ကလေးလေး"တဲ့လား။ ထိုစကားလုံးလေးကို မြင်မိတော့ မေ့အတွက် ရည်ရွယ်သည့်စာကို ဖတ်နေရခြင်း မဟုတ်သော်လည်း မောင်နှင့် ပထမဦးဆုံး စကားစပြောခဲ့ဖူးသည့် နေ့ရက်ကို အမှတ်ရမိပါ၏။
YOU ARE READING
နားစွင့် ကြားဟန် ရင်ခုန်သံ
Randomမြတ်နိုးမှုဆိုတာ စကားလုံးတွေသုံးပြီး ပြောပြဖို့ မလိုအပ်ဘူးလို့ ယုံကြည်ထားတဲ့ မောင့်နှလုံးသားရဲ့ တီးတိုး စကားဆိုသံကို နားဆင်ခဲ့မိရင်....