ဆေးရုံကုတင်ပေါ်တွင် လှဲနေသော မောင့် မျက်နှာလေးကို ငေးကြည့်ရင်း မေ သက်ပြင်းသာ အခါခါချမိသည်။မေတို့ ကသုတ်ကရုတ် ပြန်လာခဲ့တဲ့နေ့ကလောက် အခြေအနေဆိုးတာမျိုး ထပ်မဖြစ်တော့ပေမယ့် အရင်ကထက်စာရင်တော့ မောင့်ရဲ့အခြေအနေက အများကြီး တိုးတက်မှုရှိလာပြီတဲ့။ထူးခြားဖြစ်စဉ်လိုမျိုး မဟုတ်ပေမယ့် တဖြည်းဖြည်းချင်း မောင်သက်သာလာပြီဆိုသော ဆရာဝန်ကြီး၏ စကားသည်က မေ့အား စိတ်ပျော်ရွှင်မှုကို ပေးခဲ့လေသည်။
ထိုနေ့...မေတို့ မက်ဟင်တန်ကို ရောက်သည့်ထိုနေ့က အနားယူရန်ပင် မစဉ်းစားနိုင်ပဲ ဆေးရုံကို လာဖြစ်ခဲ့ကြသည်။Mercy ပြောခဲ့သလို မောင့်အခြေအနေ ဆိုးဝါးနေသည်ဆိုသည့်အကြောင်းကို မျက်မြင်ကိုယ်ကျ မမြင်ရမချင်း မယုံကြည်နိုင်ခြင်းကြောင့်လည်းပါသည်။ထို့ပြင် မောင့်ဆီသို့သွားနေသည့် လမ်းတွင် ပေါ်လာခဲ့သော အတွေးဖြစ်သည့် 'တကယ်ဆို ဒါကလည်း မေ ကြုံနေကျအချိန်တွေကဲ့သို့ အကြောအချို့က အလိုအလျောက် တုန့်ပြန်တာမျိုးလည်း ဖြစ်နိုင်တာပဲမလား' ဟူသော အထွန့်တက်သည့် စကားတို့နှင့် မောင့် အခြေအနေအား အကြောက်ကန်ငြင်းဆန်ရန် စဉ်းစားမိခဲ့သည့် အတွေးတို့ကြောင့်လည်း ပါလေသည်။
သို့သော် ဆေးရုံတွင် Mercy နှင့် ဆုံလိုက်ရသည့်အခါမှ မေ အကြောင်းစုံကို သိရတော့သည်။ထိုနေ့က မေ တကယ့်ကို စိတ်လှုပ်ရှားလွန်သွားခဲ့သည်ပဲ။Mercy စကားကို အဆုံးထိရောက်သည်အထိ နားမထောင်လိုက်မိပဲ စိတ်လှုပ်ရှားမှုကြောင့် ဖုန်းကို လွှတ်ချလိုက်မိသည့် မေ့ကြောင့် ဖုန်း၏ တစ်ဖက်ဆီမှ လာနေသော Mercy ၏ သတင်းကောင်းအား လက်လွတ်ခဲ့ရလေသည်။ ထိုနေ့က အရေးပေါ်အခြေအနေအထိ ရောက်လုရောက်ချင် ဖြစ်ခဲ့တဲ့မောင်က ထိုအခြေအနေကို အောင်မြင်စွာ ကျော်လွန်ပြီးခဲ့သည့်နောက်မှာ သတိပြန်လည်လာခဲ့သည်တဲ့။ခြောက်လကျော်ကျော်လောက် မျှော်လင့်တကြီးနဲ့ စောင့်ဆိုင်းခဲ့ရသည့် မောင်က မေ ကြုံနေကျ မျက်စိမှားသည့် သဘောမျိုး မဟုတ်ပဲ အသိပြန်ဝင်လာခဲ့သည်တဲ့။ Mercy ပြောလာသည့် ထိုသတင်းစကားကို ကြားမိတော့ မေ ထိန်းချုပ်မထားနိုင်ပဲ နေရာတွင် ရပ်လျက် ငိုနေမိခဲ့သည်။ ဇေယျတို့ကလည်း မေ့လို ပုံပျက်၊ပန်းပျက် အခြေအနေရောက်သည်အထိ အော်ငိုခဲ့ခြင်းမျိုး မရှိခဲ့ပေမယ့် ကျလာသော မျက်ရည်များကို လက်မဖြင့် ပွတ်သပ် ဖယ်သုတ်ရင်း အသံတိတ် ငိုကြွေးခဲ့ကြသည်။
YOU ARE READING
နားစွင့် ကြားဟန် ရင်ခုန်သံ
Randomမြတ်နိုးမှုဆိုတာ စကားလုံးတွေသုံးပြီး ပြောပြဖို့ မလိုအပ်ဘူးလို့ ယုံကြည်ထားတဲ့ မောင့်နှလုံးသားရဲ့ တီးတိုး စကားဆိုသံကို နားဆင်ခဲ့မိရင်....