"မောင်ရယ်...တို့တော့ ရူးသွားတော့မယ် ထင်တယ်"
တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်ရင်း ဖတ်လက်စ စာအုပ်ကို မေ ပိတ်ချပစ်လိုက်မိသည်။ ထို့နောက် စာရေးစားပွဲခုံ၏မျက်နှာပြင်နှင့် မေ့နဖူးတို့ ထိတိုက်သံ ခပ်ပြင်းပြင်းထွက်လာသည်အထိ စားပွဲပေါ်ကို မေ ခေါင်းမှောက်ချလိုက်မိသည်။
*တို့ ဘာဆက်လုပ်ရမလဲမောင်....calculation လိုက်နေတုန်းကလည်း အတွေးထဲ ဝင် ဝင်လာတဲ့ မောင့်မျက်ဝန်းတွေကြောင့် ကွာဟသွားတဲ့ ငွေပမာဏက မနည်းမနောပဲ။ အာရုံပြောင်းအောင်ဆိုပြီး စာအုပ်ဖတ်ဖို့ ကြိုးစားတော့လည်း မောင့်မျက်ဝန်းတွေက တို့အာရုံထဲက မထွက်နိုင်အောင် နေရာယူထားတော့တာပဲ...တကယ် ခက်လှတယ် မောင်ရယ်*
*တကယ်ဆို နေ့လည်က ကိုလင်း ပြန်တော့မယ်ဆိုတဲ့ အကြောင်းကို တို့ မပြောမိခဲ့ရင် မောင့်မျက်ဝန်းတွေက ရုတ်ချည်း ဝမ်းနည်းတဲ့ အရိပ်အယောင်ကို ပြောင်းမသွားလောက်ဘူးမလား။*
*မောင်စားဖို့ ပြင်ဆင်ပေးနေရလို့ လက်မအားတဲ့ ကိုလင်းက ခေါင်းနဲ့ ပခုံးကြားမှာ ဖုန်းကို ညှပ်ပြီး တစ်ဖက်လူနဲ့ စကားပြောနေတုန်းက မောင့်မျက်နှာ သိသိသာသာ ပျက်သွားတာကို တို့ တွေ့လိုက်ရသေးတယ်ဆိုတာ မောင် သိလိုက်ရဲ့လား။*
*အတင်းအကြပ်နှင်လွှတ်တဲ့သူက မောင်ဖြစ်နေပြီးတော့ ကိုလင်းကို ချက်ချင်း လာခေါ်ရမလားဆိုတဲ့ မေးခွန်းကို ကြားတော့ စားလက်စ နေ့လည်စာကိုတောင် ပြီးအောင် မစားနိုင်တော့ပဲ နေရာက ထွက်သွားတာကလည်း မောင်ပဲမလား....*
*ဘာလို့ ချစ်နေရဲ့သားနဲ့ ကိုယ့်ကိုယ်ကိုယ် အထိခိုက်ခံပြီး နှင်လွှတ်နေရတာလဲ မောင်ရယ်...*
*ဘယ်သူ့ကိုမှ ထည့်မတွက်ပဲ မောင့် စိတ်ကြိုက်ရွေးချယ်သွားခဲ့တယ်ဆိုရင်တောင် မောင်က လုပ်ရက်လိုက်တာ ဆိုတဲ့ စကားတစ်ခွန်းနဲ့ တို့ ဖြေသိမ့်လို့ရသေးတယ်လေ...*
YOU ARE READING
နားစွင့် ကြားဟန် ရင်ခုန်သံ
Randomမြတ်နိုးမှုဆိုတာ စကားလုံးတွေသုံးပြီး ပြောပြဖို့ မလိုအပ်ဘူးလို့ ယုံကြည်ထားတဲ့ မောင့်နှလုံးသားရဲ့ တီးတိုး စကားဆိုသံကို နားဆင်ခဲ့မိရင်....