မေ အခန်းထဲသို့ ဝင်လိုက်သည်နှင့် မြင်တွေ့လိုက်ရသည်က ပိုင်ရှင် ကင်းမဲ့နေသော အလုပ်စားပွဲများသာ...
ဧည့်သည်များထိုင်ရန်ပြုလုပ်ထားသော ထိုင်ခုံလေးပေါ်တွင် လက်ကိုင်အိတ်လေးကို ချထားလိုက်ရင်း တစ်ခန်းလုံးကို မေ စူးစမ်းလိုက်မိသည်။ သပ်သပ်ရပ်ရပ်ရှိနေသော စားပွဲတစ်ချို့နှင့် drawing စာရွက်များ အထပ်ထပ်စီထားသော ပွရှုပ်ရှုပ် စားပွဲဝိုင်းအချို့....
အလုပ်စားပွဲများကို ကျော်လွန်၍ မေ့အာရုံအား လာရောက် ဖမ်းယူနေသည့် အရာဆီသို့ မေ တရွေ့ရွေ့တိုးကပ်သွားလိုက်မိသည်။ ကြည်ပြာရောင် သမ်းသော ကောင်းကင်ပြင်ကြီး၏ အောက်တွင် စိတ်ခံစားမှုအစုံကို ခင်းကျင်းပြနေဟန်ရှိသော ပင်လယ်ပြင်ကြီး၏ လှိုင်းလုံးများ ရိုက်ခတ်နေမှုကို သရုပ်ဖော်ထားသည့် ပန်းချီကားလေးသည်အခန်း၏ နံရံလေးပေါ်တွင် ကျနစွာ နေရာယူထားလေသည်။ ပန်းချီကားချပ်လေးကို ကြည့်ရင်း မေ့ မျက်နှာထက်တွင် အပြုံးတစ်ချို့က ယီးလေးခို၍ လာလေသည်။ မှတ်မှတ်ရရ ဤ ပန်းချီကားသည် မေ ကိုယ်တိုင် မောင့်အား လက်ဆောင် ပေးခဲ့သည့် ပန်းချီ တစ်ချပ်ပင်....မောင့်အတွက်ဟူ၍ ရည်ရွယ်ကာ မေ ပေးခဲ့ဖြစ်သော ပထမဆုံးသော ချစ်သက်လက်ဆောင်တစ်ခု...
မေတို့မိသားစုနေထိုင်ရန် အဆောက်အအုံအသစ် ဆောက်လုပ်လိုသည်ဟူ၍ တစ်မျိုး၊ လုပ်ငန်းအတွေ့အကြုံ ယူလိုသည်ဟူ၍ တစ်ဖုံ၊ ဤလုပ်ငန်းတွင် လုပ်ကိုင်နေသော အသိအစ်မထံသို့ အလည်လာသည် ဟူ၍က တစ်ကြောင်း အကြောင်းအမျိုးမျိုးပြကာဖြင့် မောင့်အာရုံစိုက်မှုကို ခံရအောင်လုပ်မိသည့် လွန်ခဲ့သော အချိန်ကာလကို တွေးမိလေတော့ မေ ရှက်ပြုံးလေးပြုံးမိပြန်သည်။ မောင့်တစ်ယောက်တည်းသာ ကြည့်ပြီး စိတ်ရှိသည့်အတိုင်း လုပ်ခဲ့သည့်အရွယ်မို့ မေ့မိဘတို့၏ "ယောကျာ်းကြိုက်တော့ မျှော်လိုက်တာ၊ မိန်းမကြိုက်တော့ ဆိုက်ဆိုက်လာ" ဟူသော စကားပုံကိုပင် ဟာသသဘောနှော၍ "ယောကျာ်းကြိုက်တော့ ဆိုက်ဆိုက်ပါ"ဟူ၍ပင် စခဲ့ကြသေးသည်မဟုတ်လား။ မေ အတွေးနဲ့မျောနေစဉ်တွင် တိုးညှင်းသော တေးသံအား ကြားလိုက်မိပါ၏။
YOU ARE READING
နားစွင့် ကြားဟန် ရင်ခုန်သံ
Randomမြတ်နိုးမှုဆိုတာ စကားလုံးတွေသုံးပြီး ပြောပြဖို့ မလိုအပ်ဘူးလို့ ယုံကြည်ထားတဲ့ မောင့်နှလုံးသားရဲ့ တီးတိုး စကားဆိုသံကို နားဆင်ခဲ့မိရင်....