"ဒီဘက်အခန်းမှာ နေလိုက်....ဟိုဘက် ဘေးချင်းကပ်လျက် အခန်းမှာက ငါတို့ သုံးယောက်အိပ်တာလေ။ ဒီအခန်းက လွင်လေးအတွက် သီးသန့် ပြင်ထားပေးတာ။ နင် သိတယ်မလား။ လွင်လေးက သူများအိပ်ရာခင်းမှာ အိပ်ဆိုရင် ဟိုလိုလို၊ ဒီလိုလိုနဲ့ ရစ်တတ်တာကို။သူပြန်လာရင် အဆင်သင့် နေလို့ရအောင် လုပ်ထားပေးတာဆိုပေမယ့် သူက တစ်ခါလေးတောင် အဆက်အသွယ်မလုပ်ခဲ့ဘူးလေ။ တော်တော်နေနိုင်ခဲ့တဲ့ကောင်...."
ဗီဒိုထဲမှ အိမ်ရာခင်းများ၊ စောင်များ၊ ခြင်ထောင်များကို ထုတ်ပေးရင်း ဇေယျ ပြောနေခြင်းဖြစ်သည်။ မောင့်အလိုကို သိတတ်သူပီပီ မိန်းကလေးတစ်ယောက်တည်း တည်းခိုခန်းမှာ တည်းနေရင် မောင်မကြိုက်တတ်ဘူးဟုဆိုကာ ဇေယျတို့ သူငယ်ချင်းသုံးယောက်စုနေသော Condoတိုက်ခန်းလေးသို့ မေ့ကို ခေါ်ဆောင်လာခဲ့ခြင်း...
တိုက်ခန်းလေးတွင် အိပ်ခန်းနှစ်ခန်း၊ မီးဖိုခန်းနှင့် ဧည့်ခန်းကို ခါးတစ်ပိုင်းသာ ကွယ်နေသော partitionလေးနဲ့သာ ပိုင်းထားသော အခန်းကတစ်ခန်း၊ bathroom က တစ်ခန်းပါလေသည်။ ထိုအထဲတွင်မှ မောင့်အတွက် သီးသန့်တစ်ခန်းပြင်ပေးထားသည်ဟု ဆိုလာသော ဇေယျ စကားကို ကြားတော့ မေ မနေနိုင်စွာ မေးမိလေသည်။
"မောင်လည်း မရှိပဲနဲ့ကို...ဒီအခန်းကြီး အလွတ်ထားပြီး သုံးယောက် တစ်ခန်းနေရတော့ ဟို နှစ်ယောက်က ဘယ်လိုမှ မနေဘူးလား...ဘာမှ မပြောကြဘူးလား...တစ်ခန်းထဲ သုံးယောက်ဆို ကုတင်လည်း ကြပ်နေမယ်ထင်တယ်...."
"တစ်ခါတစ်လေမှ ပြောတာပါ။ သူတို့လည်း သိနေတာပဲလေ။ လွင်လေးအတွက် သီးသန့်အခန်းမရှိတော့မှ နောက်က လိုက်လုပ်ပေးရတဲ့ ကိစ္စဝိစ္စက ပိုကြီးမယ်ဆိုတာကို...ပြီးတော့ အခန်းထဲမှာက ကိုယ့်နေရာနဲ့ကိုယ်ဆိုတော့ အဆင်ပြေပါတယ်။ငါတို့ သုံးယောက်လုံးက အဆောင်နဲ့ လည်ပင်းဖက်ပေါင်းလာကြတဲ့သူတွေလေ။ လွင်လေးက လူအများကြီး စုနေရင် မနေတတ်ဘူးဟ ..."
YOU ARE READING
နားစွင့် ကြားဟန် ရင်ခုန်သံ
Randomမြတ်နိုးမှုဆိုတာ စကားလုံးတွေသုံးပြီး ပြောပြဖို့ မလိုအပ်ဘူးလို့ ယုံကြည်ထားတဲ့ မောင့်နှလုံးသားရဲ့ တီးတိုး စကားဆိုသံကို နားဆင်ခဲ့မိရင်....