"မေ ...အစ်ကို တစ်ခုလောက် အကူအညီတောင်းလို့ရမလား"
သစ်သီးထည့်ထားသော ပန်းကန်ကို ဆေးကြောသန့်စင်နေသည့်အချိန်တွင် ကြားလိုက်ရသော အသံကြောင့် မေ နောက်သို့ လှည့်ကြည့်လိုက်မိသည်။
"ကိုလင်းသန့်ဟန်...ဘာလိုတာရှိလို့လဲ"
သားငယ်လေး နိုးလာသည်အထင်နှင့် ပန်းကန်ဆက်ဆေးရင်းမှ မေ မေးလိုက်မိသည်။
"ဇေယျတို့ ခေါ်သလိုပဲ ကိုလင်းလို့ခေါ်ပါ။ နောင်ဆို သားငယ်လေးနဲ့ ပက်သတ်ပြီး ခဏခဏတွေ့ဖြစ်ကြမှာပဲလေ"
"အဲတာဆိုရင် အဆင်ပြေတာပေါ့။ သားငယ်လေးအတွက် မုန့်လာယူတာလား ကိုလင်းက"
" သားငယ်လေးက အိပ်ရာကနိုးတာနဲ့ သူ့ပါပါးနဲ့ သွားဆော့နေတယ်။ အခုက အစ်ကို မေနဲ့ သီးသန့်စကားပြောချင်တာလေးရှိလို့ပါ။အစ်ကို့ကို အချိန်ခဏလောက်ပေးလို့ရမလား"
မေ ပန်းကန်ဆေးပြီးသည်အထိ စောင့်ရင်း မေနှင့် စကားပြောလိုသည်ဟု ပြောလာသော လင်းသန့်ဟန်ကြောင့် မေ အနည်းငယ် ထိတ်လန့်မိသည်။ မောင်က မေ့ဂုဏ်သိက္ခာကို ငဲ့ကွက်နေရသည့်အတွက် အဆုံးထိ မေ့ကို ရွေးချယ်ခဲ့ပြီး မေ့ကို ကာကွယ်ခဲ့ကြောင်း၊ မောင် ရွေးချယ်ခဲ့သူက မေ ဖြစ်နေခဲ့ပေမယ့် မောင့်စိတ်ထဲတွင်ရှိနေသူက မေ မဟုတ်ကြောင်း၊ မောင့်ကို ဘာမှ မငဲ့ကွက်ပဲ စိတ်လွတ်လက်လွတ် ရွေးချယ်နိုင်အောင် မေ့ဘက်က အလိုက်တသိ စွန့်လွှတ်ပေးသင့်ကြောင်း စသည်ဖြင့် ဖြောင်းဖျဟန်ပါသည့် ခြိမ်းခြောက်စကားတို့ကို လင်းသန့်ဟန်ပြောလာပါလျှင် မေ မည်သို့ ချေပစကားဆိုသင့်သည်ကိုလည်း တစ်ဆက်တည်းတွေးနေမိသည်။
တကယ်ဆို မောင်က လင်းသန့်ဟန်နှင့် ယှဉ်၍ မေ့ကို ရွေးချယ်ခဲ့သည်ကလွဲလျှင် ပြန်လည်ချေပနိုင်စရာ အကြောင်းအချက်က မေ့အတွက် ခိုင်ခိုင်လုံလုံမှ မရှိခဲ့သည်ပဲ။
YOU ARE READING
နားစွင့် ကြားဟန် ရင်ခုန်သံ
Randomမြတ်နိုးမှုဆိုတာ စကားလုံးတွေသုံးပြီး ပြောပြဖို့ မလိုအပ်ဘူးလို့ ယုံကြည်ထားတဲ့ မောင့်နှလုံးသားရဲ့ တီးတိုး စကားဆိုသံကို နားဆင်ခဲ့မိရင်....