Part(2) U

376 32 0
                                    

အခန်းထဲက ထွက်လာသည့်နှင့် တိတ်ဆိတ်သည့် ပတ်ဝန်းကျင် တစ်ခုက စောင့်ကြိုနေသည်။ ဒါဟာ ပုံမှန် အခြေအနေတစ်ခုဆိုနေပေမယ့် သူ့ မသိစိတ်ကတော့ ထူးဆန်းနေသလို ခံစားနေရသည်။ သူပဲ ခံစားနေရသည်လား မပြောတတ်။

ရောက်ရောက်ချင်းနေ့က သူပဲ သေချာ မကြည့်ခဲ့မိသည်လား။ အခု သေချာကြည့်မှပင် ဒီဟိုတည်သည် နဂိုကတည်းက ဟိုတည်ဖွင့်ရန် ရည်ရွယ်ခဲ့သည် မဟုတ်တန်ရာ။ အခန်း အရေအတွက်မှာလည်း ဆယ်ဂဏန်းပင် ပြည့်ပုံမရ။ တံခါးပေါက်တွေ ရေတွက်ကြည့်မိသလောက်တော့။

ဟိုတည်နှင့်မတူ။ ဒီအတိုင်း အပန်းဖြေဖို့ တည်ဆောက်ထားသည့် စံအိမ်တစ်ခုသဖွယ်။

သူ တည်းခိုသည့် အခန်းမှာ ထောင့်စွန်းအခန်းဖြစ်တာကြောင့် လှေကားရောက်ရန် အခန်း ၂ခန်းတိတိဖြတ်ရသည်။ လှေကားထိပ်တည့်တည့်မှာတော့ အခန်းကျယ်တစ်ခု။

ကြည့်ရတာ မိသားစု အခန်း ဒါမှမဟုတ် ပိုင်ရှင်ရဲ့ အခန်းဖြစ်ပုံရသည်။

လှေကားရဲ့ အခြားတစ်ဖက်မှာတော့ ရှေးဟောင်းနာရီကြီးတစ်ခု။ အချိန်တော့ မှန်နေသေးပုံရသည်။ တဒေါင်ဒေါင်တဒင်ဒင်နှင့် အသံပေးနေပုံထောက်။

ရုတ်တရက် ထို လှေကားတည့်တည့် အခန်းထဲက ထွက်လာသည့် ဧည့်ကြိုကောင်လေး။

သူ့ကို တွေ့တွေ့ချင်း အံ့ဩကာ မျက်နှာပျက်သွားပုံရသည်။ သို့သော် ချက်ချင်း မျက်နှာပြန်ပြင်ကာ ပြုံးလိုက်ပြီးမှ

"ဟော...အစ်ကိုလေး ထမင်းစားဖို့်ဆင်းလာတယ်ထင်တယ်... လာ..လာ ဒေါ်လေးပင်းပင်း အသင့်ပြင်ထားပြီးပြီထင်တယ် အစ်ကိုလေး ကျနော့်နောက်လိုက်ခဲ့ပါ"

သူ့ အကြည့်တွေက အခန်းဆီမှာ ရှိနေပေမယ့် သူ့ကိစ္စမဟုတ်တာကြောင့် ကောင်လေး ခေါ်ရာနောက်သာ လိုက်ခဲ့လိုက်သည်။

"ဒါက ထမင်းစားခန်းပါ.... နဂိုကတည်းကဟိုတည်ဖွင့်ဖို့ ဆောက်ထားခဲ့တာ မဟုတ်တော့ အဆောက်အအုံပုံစံက အိမ်နည်းနည်း ဆန်နေတာ အစ်ကိုလေးရေ"

စောစောက မျက်နှာပျက်သွားသည်မှာ သူ မဟုတ်သည့်အလား။ စတွေ့သည့်နေ့ကအတိုင်း သူကပင် စကားစပြောကာ ဟိုတည်အကြောင်း ရှင်းပြနေတော့သည်။

UncoverWhere stories live. Discover now