တိတိကျကျပြောရရင် ဒီနေ့က ရိပေါ် ဟိုတည်ကိုရောက်တာ ၅ရက်မြောက်တဲ့နေ့။
အဲ့ဒီ့နေ့ညက ကြုံလိုက်ရတဲ့ မျက်နှာလေးကြောင့် သူ့မှာ အခုထိ မြင်ကွင်းထဲက ဖျောက်လို့ မရသေး။ ဘယ်လိုပဲ ကိုယ်နှင့် မဆိုင်တဲ့ ကိစ္စဖြစ်စေဦးတော့... ဒီကိစ္စက သူ့ကို တနုံ့နုံ့ဖြစ်စေသည်။
လည်ပတ်ဖို့ အစီအစဉ်ဆွဲထားသည့် နေရာတွေပင် သွားရော မလည်ပတ်နိုင်သေး။
ဝန်ထမ်းတွေကို မေးဖို့ကျတော့လည်း မနှစ်မြို့ဟန်ပြနေတာကြောင့် ဆက်မမေးဖြစ်တော့။ အစာစားချိန်မှ အပ အပြင်မထွက်ဘဲ အခန်းအောင်းကာ တစ်ဖက်အခန်းသို့ နားစွင့်နေမိသည်။
အခုလည်း ကော်ဖီသောက်ချင်စိတ်ဖြစ်လာတာကြောင့် အောက်ထပ်ကို ဆင်းခဲ့လိုက်သည်။
တစ်ဖက်အခန်းရှေ့ကဖြတ်တော့ ထုံးစံအတိုင်း တံခါးပိတ်ထားမြဲသာ။
"ဟော... အစ်ကိုလေး ထမင်းစားချိန်မဟုတ်ဘဲ ဆင်းလာတာဆိုတော့ အပြင်သွားမလို့လား"
ဘုံကျောင်းမည်ဟု ပြောထားပြီးမှ အခုထိ မသွားဖြစ်သေးတာကြောင့်၊ သွားဖို့ စကားမစသေးတာကြောင့် မေးခြင်းဖြစ်သည်။
"မဟုတ်ပါဘူး ကျနော် ကော်ဖီသောက်ချင်လို့ပါ"
ခါတိုင်းလည်း မှာသောက်နေကြဖြစ်တာကြောင့် ယွီပင်းက ထွေထွေထူးထူးမေးမနေ။ နောက်ထဲဝင်သွားကာ ကော်ဖီသွားယူတော့သည်။
သူလည်း ဧည့်ခန်းမှာ ထိုင်ရင်း ဟိုဟိုသည်သည် အကဲခတ်ကြည့်နေမိသည်။
ကြည့်နေရင်း ခြံရှေ့ကို အကြည့်ရွှေ့မိတော့ သည်လေးရက်လုံးလုံး နေရာမှ လုံးလုံးမရွေ့သည့်ကားကြီးမှာ မရှိတော့။ ပြန်သွားတာလား? ဒါမှမဟုတ် တစ်နေရာရာသွားသည်ထင်သည်။
အတွေးတွေ ဟိုရောက်သည်ရောက် ဖြစ်နေတုန်း ယွီပင်းက ကော်ဖီတစ်ခွက်နဲ့ ပြန်ရောက်လာသည်။
"ရပြီ အစ်ကိုလေးရေ ဒေါ်လေးမရှိတော့ ကျနော်ကိုယ်တိုင်ပဲ ဖျော်လာခဲ့လိုက်တယ်"
"ဒေါ်လေးပင်းပင်းက ဧည့်သည်တွေ လိုက်ပို့တာလား"
ကော်ဖီကို ယူလိုက်ရင်း ယွီပင်းကို သူ မေးလိုက်သည်။
YOU ARE READING
Uncover
Fanfictionအချစ်... ခင်ဗျားနဲ့ ပတ်သက်ရင် မောင်က အရာအားလုံးနဲ့ သက်ဆိုင်ချင်တာမျိုး။ Unicode အချစ်... ခင်ဗျားနဲ့ ပတ်သက်ရင် မောင်က အရာအားလုံးနဲ့ သက်ဆိုင်ချင်တာမျိုး။