Asphodel-22

11K 1K 159
                                    


ရိပေါ် မနက်နိုးတော့ နေအတော်မြင့်နေပြီ။ သူညကအတွေးများနေပြီး ညနက်မှအိပ်ပျော်သွားတာကြောင့်မနိုးတာ...။
သူနှိုးမှထတာ အကျင့်ဖြစ်နေပြီဖြစ်တဲ့ ကိုကိုကလည်း သူ့ရင်ခွင်ထဲတိုးဝင်ပြီး အိပ်မောကျလျက်ရှိနေသေးတယ်။

ဒီမျက်နှာလေးကို ငေးရင်း မနက်တိုင်းကို အေးအေးချမ်းချမ်း နိုးထခွင့်ရဖို့ကလွဲရင် သူ့မှာ ဆန္ဒများများစားစား မရှိပါဘူး။
တစ်ခါတစ်ရံမှာ ချစ်ခြင်းတရားက ဒီလိုလည်း ရိုးစင်းပါတယ်။

ရိပေါ် အိပ်ရာက ထဖို့ပြင်လိုက်တော့ ကိုကို့လက်တွေက သူ့ခါးကိုဆွဲဖက်ထားပြီး ခေါင်းလေးက ရင်ခွင်ထဲ ပိုတိုးဝင်လာတယ်..။
ဆေးရုံဆင်းဖို့ ပြင်ရဦးမှာမို့ အလိုလိုက်လို့မဖြစ်တာမို့ လက်တွေကို အသာဖြုတ်ချပြီး ထလိုက်တယ်။
သူ့လက်တွေကြားက နွေးထွေးမှုလေးမရှိတော့ဘူးဆိုတာသိတာနဲ့ ကိုကိုကပုစွန်တုပ်လေးကိုကွေးသွားပြီးခေါင်းအုံးကြားထဲခေါင်းမြုပ်သွားတယ်။

ရိပေါ် ကိုယ်လက်သန့်စင်ပြီး အ၀တ်အစားလဲပြီးတဲ့အထိ ကိုကိုက အိပ်နေတုန်းပဲ။

"ကိုကိုရေ...ထတော့...ဒီနေ့အိမ်ပြန်ရမယ်လေ"

ရိပေါ် နှိုးတဲ့အခါ ကိုကိုက စောင်ကိုခေါင်းထိလုံအောင်ဆွဲခြုံသွားပြီး တစ်ဖက်ကိုလှည့်လို့ အိပ်ဖို့ ကြိုးစားပြန်တယ်။ အရင်က မနက်အစောကြီးထ ရိပေါ်အတွက် ရေချိုးဖို့ပြင်ပေးထားပြီး မနက်စာသွားလုပ်ထားတတ်တဲ့ ကိုကိုနဲ့ ဒီကိုကိုက တစ်ယောက်ထဲမှဟုတ်ရဲ့လားတောင် တွေးယူရတယ်။ သူအလိုလိုက်ပါများလို့ အကျင့်ပျက်နေတဲ့ သူ့ရဲ့ဝံပုလွေလေး...။

"ကိုကိုလို့....ထပါဆိုဗျာ....ဆေးရုံဆင်းရမယ်လေ"

စောင်ကို အတင်းဆွဲခွာတော့ ကိုကိုကမျက်လုံးကို မဖွင့်ချင်ဖွင့်ချင်နဲ့ထထိုင်တယ်။ ကိုကို့အသားအရည်က အနည်းငယ်ညိုချင်ပေမယ့် ဝါဝင်းတဲ့ ဘက်ကိုယိမ်းတယ်။ ပြတင်းက ၀င်နေတဲ့နေရောင်အောက်မှာ တောက်ပနေတဲ့ ဆံပင်နက်နက်တွေကို လက်ချောင်းနဲ့ထိုးဖွလိုက်တော့ ပိုရှုပ်သွားပင်မယ့် ဆွဲဆောင်မှုရှိနေတယ်။ မဖွင့်ချင်ဖွင့်ချင်ဖွင့်ထားရတဲ့ မဟူရာရောင်မျက်ဝန်းနက်နက်တွေက အခုမှနိုးလို့ ရီဝေဝေဖြစ်နေတယ်။ ကိုကို့ခန္ဓာကိုယ်လေးက ပိန်ပါးလွန်းတဲ့အပြင် ဆေးရုံဝတ်စုံကကြယ်သီးပြုတ်နေသေးတော့ လှပတဲ့ ညှပ်ရိုးလေးတွေကိုလဲ မြင်နေရတယ်။
ကိုကို့ရဲ့ အိပ်ရာထကာစ ရိုးရှင်းတဲ့ပုံစံလေးကတောင် ချစ်ဖို့ကောင်းနေတယ်။ ကိုကိုက ဘယ်အချိန်မဆိုသိပ်ကြည့်ကောင်းလွန်းလို့ ရိပေါ် ကိုကို့ကို ဘယ်သူမှမမြင်အောင် ဖွက်ထားချင်တော့တာပဲ။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now