အချိန်ကား တိမ်လွှာနန်းမြိုင်ရဲ့ နံနက်ပိုင်းစာသင်ပြီးစ အချိန်။
လန်ကျန့်တစ်ယောက် ထုံးစံအတိုင်း မနက်စားဗန်းကလေးကို လက်မှာတည်ငြိမ်စွာကိုင်လာရင်း သူနဲ့ ဝေ့ရင်းသီးသန့် နေထိုင်ရာအဆောင်လေးထဲ ပြန်ဝင်လာသည်။
အခုချိန်အထိ အိပ်ကောင်းဆဲ ကာလနဂါးပေါက်စကိုယ်တော်လေးကတော့ လန်ကျန့်ထည့်ပေးခဲ့သည့် ရေချိုးစည်လေးထဲမှာ စည်နှုတ်ခမ်းဘောင်လေးကို မေးတင်ရင်း အိပ်မက်လှလှလေးတွေ မက်ကောင်းနေဆဲလား မှတ်ရသည်။ လက်လေးတစ်ဖက်က စည်နှုတ်ခမ်းလေးကိုဖက်တွယ်ရင်း ပြုံးပြုံးလေးအိပ်နေလေသည်။
တည်ငြိမ်သူ ဟန်ကွမ်းကျွင်းမှာတော့ နံနက်တိုင်းမြင်နေကျ ထိုမြင်ကွင်းလေးကိုပင် ကြည့်လို့ရိုးသွားသည်ရယ်လို့မရှိ။ စိတ်၏အေးချမ်းရာ... နွေးထွေးသော ခံစားချက်တို့ပေးစွမ်းနိုင်ရာသော ထိုလူသားလေးကိုမြင်တိုင်း ဖြောင့်တန်းနေသော နှုတ်ခမ်းနှစ်လွှာမှာ ယောင်ယောင်လေးကွေးညွှတ်သွားတတ်စမြဲပင်။
ဗန်းလေးကိုဘေးက စားပွဲပေါ်တင်ကာ စည်ထဲကဝေ့ရင်းကို အထဲကအသာလေးပွေ့ယူ မထုတ်ပြီး ရေသုတ်ပေး... အဝတ်အစားတွေလဲလှယ်ပေးပြီးမှ အိပ်ရာပေါ်ညင်သာစွာပြန်တင်ထားလိုက်သည်။ ဝေ့ရင်းမှာ တကယ့်ကလေးပေါက်စအလား သူ့လက်ထဲမှာ နှစ်ခြိုက်စွာအိပ်မောကျနေလေသည်။
အနှီသခင်လေးအတွက်အားလုံး ပြင်ဆင်ပေးပြီးကာမှ သူလဲ အိပ်ရာခေါင်းရင်းမှာ ကိုယ်ကိုတစ်ပိုင်းမှီရင်း ဖတ်လက်စ စာအုပ်တစ်အုပ်ကို ဆက်ဖတ်နေလိုက်သည်။
စံတော်ချိန်အတိအကျမှာပင် ဘေးကဝေ့ရင်းတစ်ယောက် ပိုးတိုးလုံးလေးလို ပတ်ထားသည့်စောင်ထဲမှာ လူးလွန့်ရင်း... ပါးစပ်ကလည်း ပွစိပွစိရေရွတ်ရင်း အပျင်းကျောဆန့်ကာ နိုးလာပါတော့သည်။
နိုးလာသည့်တိုင် မျက်လုံးကိုမဖွင့်သေး။ စောင်ခြုံထဲက ထွက်လာသည့် လက်လေးတစ်ဖက်က အိပ်ရာပေါ်ဟိုစမ်းသည်စမ်းနှင့်...။
လန်ကျန့်ရဲ့ ပေါင်ပေါ်ကို စမ်းမိတော့... လူးလူးလိမ့်လိမ့်နှင့် လန်ကျန့်ခါးစည်းကြိုးကိုဆွဲပြီး အားယူကာ ကိုယ်ကိုတရွတ်ဆွဲတိုးလာရင်း ကိုယ်တစ်ပိုင်းကို သူ့ရင်ဘတ်ပေါ် လာမှောက်လိုက်သည်။
YOU ARE READING
I know you Deeply in my heart (Unicode) (Complete)
Fanfictionပထမဆုံးရေးတဲ့ Wangxian fanfics oneshot လေးပါ။ ကိစ္စအားလုံးဖြေရှင်းပြီးသွားတဲ့ အချိန် ဝေ့ရင်းတစ်ယောက် တိမ်လွှာနန်းမြိုင်နဲ့ ယွင်မုန့်မှာ တလှည့်စီလိုက်နေတဲ့ အချိန်မှာ တည်ထားပါတယ်။ ဖတ်ပြီးရင် သင့်ခံစားချက်လေးတွေ ရေးသွားပေးပါဦးနော။