အခန်း ၁၁(၃)

251 23 0
                                    

Page 273-279

Page-273

ဖုန်းကျို သူမ စူးစူးဝါးဝါးအော်ဟစ်ကာ အိပ်ရာထောင့်ဆီသို့ပြေးသွားပြီး သူမကိုယ်သူမစောင်နဲ့ပတ်အုပ်ထားလိုက်ရမလား? ပြီးတော့ အသားယူခံရလို့ ကြောက်ရွံ့ထိတ်လန့်ပြီး ဒေါသထွက်နေတဲ့မျက်နှာထားနဲ့ သုံဟွာကိုစူးစူးစိုက်စိုက် ကြည့်လိုက်ရမလား? သူမ ဒီအကြံတွေအားလုံး သေချာစဉ်းစားပြီးပြီ။ ဒီလိုသာလုပ်မယ်ဆိုရင် သုံဟွာအတွက်သူမပုံစံက ပိုပြီးစိတ်ကူးယဉ်ဆန်တဲ့မိန်းကလေးလို့တောင် ထင်သွားနိုင်ချေရှိတယ်။

သုံဟွာနဲ့ပတ်သတ်လာရင် ဘယ်တော့မှ အပြုအမူတွေကို ပုံမှန်မတုံ့ပြန်သင့်ဘူး။ သူမ အေးစက်ပြီးတည်ငြိမ်စွာ နေပြရမယ်။

ဖုန်းကျို ငြိမ်ငြိမ်လေးလဲလျောင်းနေရင်း သူမရဲ့ဖူးယောင်နေတဲ့ပုခုံးတစ်ဖက်ဆီရောက်လာတဲ့ သုံဟွာ့လက်တွေကိုခွင့်ပြုထားခဲ့တယ်။ ထို့နောက် "ကျွန်မနိုးနေပြီ" လို့ တည်ငြိမ်စွာပြောလိုက်တယ်။

ဖယောင်းတိုင်မီးဖျော့ဖျော့အောက်က သူမမျက်နှာကို သုံဟွာခဏစိုက်ကြည့်ပြီး သူ့လက်တွေကိုရုတ်သိမ်းသွားလေတယ်။ ပြီးတော့ ကြွေပန်းကန်လုံးထဲကဆေးနှစ်ကိုယူကာ သူမပုခုံးပေါ်လိမ်းပေးဖို့လုပ်တော့သည် "ကောင်းတယ် ဒါဆိုလည်း မင်းကော်လံကကြယ်သီးတွေဖြုတ်လိုက် ငါမင်းကျောကိုမမှီဘူးဖြစ်နေတာ"

မိန်းကလေးတစ်ယောက်ရဲ့ အင်္ကျီကြယ်သီးကိုဖြုတ်ဖို့ ဘယ်လိုတောင် မျက်နှာအမူအရာတစ်ချက်မပြောင်းဘဲ ပြောနိုင်ရတာလဲ? အချိန်အနည်းငယ်လောက်စိတ်ရှုပ်ထွေးသွားပြီးနောက် ဖုန်းကျိုတစ်ယောက် စောင်ကိုမေးစေ့ထိလုံအောင်ဆွဲခြုံကာ သုံဟွာ့ကိုကျောပေးလှည့်လိုက်တော့တယ် "ကျွန်မ ပြန်အိပ်လိုက်အုန်းမယ်"

သူမကိုယ်ကို တစ်ဘက်သို့လှည့်လိုက်တဲ့အချိန်မှာ သုံဟွာ သူမရဲ့ဒဏ်ရာမရှိတဲ့ဘယ်ဘက်ပုခုံးကို ဆုပ်ကိုင်ကာတားရင်း သူမဆီငုံ့လာခဲ့တယ် "ငါတစ်ခုခုလုပ်မှာ ကြောက်လို့လား" သူ့ရဲ့စကားသံထဲမှာ သဘောကျနှစ်ခြိုက်ဟန်တွေ အရိပ်အမြွတ်ပါနေတယ်လေ။ ဖုန်းကျို သူ့ဘက်ကိုတစ်ဖန်ပြန်လှည့်လိုက်တော့ သုံဟွာ့မျက်နှာနဲ့ သူမမျက်နှာကြားမှာ လက်မအနည်းငယ်လောက်ပဲကွာဝေးတော့တာကို မြင်တွေ့လိုက်ရတယ်။ သူ့နဖူးပြင်ထက်က နက်ပြာရောင်ကျောက်မျက်လေးကတော့ ဖယောင်းတိုင်ကအလင်းကို ရောင်ပြန်ဟပ်လျက်ရှိတယ်။ သူ့မျက်ဝန်းထဲမှာလည်း အပြုံးတစ်ချို့ခိုတွဲနေလေရဲ့။ ဖုန်းကျိုတစ်ယောက် ထိုမြင်ကွင်းကို မိန်းမောစွာစိုက်ကြည့်လို့နေတယ်။

Eternal love of dream-Three lives Three World The pillow book 1-Unicode versionWhere stories live. Discover now