နေခြည်နုနုလေးဖြာကျလျက်ရှိသော နေ့လေးတစ်နေ့။ လေနုအေးလေးမူကား တသွင်သွင် လွန့်လူးလျက်။ ဟိုဒီ လှုပ်ရှားသွားလာနေကြသူများကား ဤအခြေအနေလေးအား အပြည့်အဝခံစားရင်း အားမာန်အပြည့်ဖြင့် အလုပ်လုပ်ရန် တာဆူနေကြ၏။
သို့သော် လေငြိမ်ရပ်ဖြစ်နေရှာသည်ကား ကိုထွဋ်၏ ရုံးခန်း တစ်ခုတည်းသာ။ အေးစက်စက် လေထုကြီးကား အခန်းအပြည့်နေရာယူထားသည်သာမက တိတ်ဆိတ်ခြင်းကြီးကလည်း ကြီးစိုးလျက်။
တိတ်ဆိတ်ခြင်းကား အခြားမဟုတ် ကိုထွဋ်၏ စိတ်အစဉ်တို့ လေလွင့်နေခြင်းသာ။ သေချာသည်ကား ကိုထွဋ်၏ စိတ်တို့ မြန်မာပြည်ထဲ၌ မရှိတော့ချေ။
ဆိုဖာပေါ်တွင်ထိုင်နေသော ကိုထွဋ်သည်ကား လက်အစုံအား ဒူးနှစ်ဖက်ပေါ်တင်ထားပြီး လက်ချောင်းတို့ကိုမူ ယှက်ကာ ထား၏။ မျက်တောင်အစုံသည်မှာလည်း ခတ်မှိတ်ခြင်းမရှိ။
တစ်နေရာတည်းကိုသာ အကြောင်သားကြည့်ရင်း သူ့ပတ်ပတ်လည်၌ ဖြစ်ပျက်သမျှသောအကြောင်းအရာများအားလည်း ကြားသိခြင်းမရှိချေ။
တစ်နည်းဆိုရသော် သူတစ်ယောက်တည်း တစ်ခြားကမ္ဘာရောက်နေသလိုပင်။
ကိုထွဋ်အရှေ့တွင်မူ စေ ထိုင်နေ၏။ ခြေထောက်ကိုချိတ်ထားရင်း ဆိုဖာအား သက်တောင့်သက်သာမှီကာ စာရွက်စာတမ်းများအား သေချာစွာဖတ်ရှုနေသည့် စေ သည်ကား လှပလွန်းလှသည်။
သို့သော် ထိုလှပမှုများမှ အအေးဓာတ်များထုတ်လွှတ်နေခြင်းကိုမူ အဖြေရှာမရချေ။
ထိုစဉ် စာရွက်စာတမ်းများ ဖတ်နေသော စေ တစ်ယောက် ကိုထွဋ်အား အသာမော့ကြည့်၏။ ထို့နောက် မျက်ခုံးလေးနှစ်ဘက် အသာတွန့်ချိုးသွားရင်း အအေးဓာတ်တို့ ပိုမိုသိပ်သည်းလာလေ၏။
"ကိုထွဋ်...!!"
စေ ခေါ်လိုက်ပါသော်ငြား အနှီလူသား၏ စိတ်တို့ ပြန်လည်မလာသေးပါချေ။ ထိုအခါ ရေခဲရိုက်လူသား၏ အကြည့်တို့ပိုမိုအေးစက်လာ၏။
ထို့နောက် သက်ပြင်းအသာချကာ စာရွက်များအား ခုံပေါ်သို့တင်လိုက်၏။ ပြီးနောက် လက်ချောင်းသွယ်သွယ်တို့ဖြင့် ကိုထွဋ်ရှေ့မှ စားပွဲနေရာသို့ အသာခေါက်လိုက်သည်။
YOU ARE READING
"စေ" (SEASON-2) {Unicode}+{Zawgyi}
Romanceသိပ်လှတယ်.... သဘာဝတရားကြီးရဲ့ အလှတရားက သိပ်လှလွန်းတယ်... ဒါပေမယ့်... မင်းကိုပေးမယ့်ကိုယ့်အချစ်တွေက ပိုလှတယ်...